အခြေခံရည်ညွန်းစပါးစျေးသတ်မှတ်ချက် တောင်သူတွေနစ်နာနိုင်

အခြေခံရည်ညွန်းစပါးစျေးသတ်မှတ်ချက် တောင်သူတွေနစ်နာနိုင်

ရန်ကုန် – အောက်တိုဘာ ၁၂ (မော်ကွန်း)

ရက်ပိုင်းအတွင်းက ထုတ်ပြန်ထားတဲ့ အခြေခံရည်ညွှန်းစပါးဈေးဟာ စိုက်ပျိုးစရိတ်ထက် နည်းနေတာကြောင့် လယ်သမားတွေအတွက် နစ်နာတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ဟာ ရက်ပိုင်းအတွင်းက အခြေခံ ရည်ညွှန်းစပါးဈေးဟာ စပါး ၄၆ ပေါင်ကိုက် တင်း ၁၀၀ ကို ကျပ်ခုနှစ်သိန်းခွဲ ဖြစ်တယ်လို့ ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

ယခုနှစ်ကုန်ပိုင်းမှာ ပေါ်ဖို့ရှိတဲ့ မိုးစပါးရာသီအတွက် ဆန်စပါးရည်ညွှန်းဈေးထုတ်ပြန်မှု နှစ်ကြိမ်ရှိခဲ့ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စက်တင်ဘာလလယ်ပိုင်းမှာ တစ်ကြိမ်ထုတ်ပြန်ထားပြီး ယခုလမှာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က နောက်တစ်ကြိမ်ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်လိုက်တဲ့ ရည်ညွှန်းဈေးနှုန်းဟာ စပါးတင်း ၁၀၀ ကို ရွှေဘိုပေါ်ဆန်း ကျပ် ၁၈ သိန်းမှ သိန်း ၂၀၊ ဧရာဝတီပေါ်ဆန်း ကျပ် ၁၆ သိန်းမှ ၁၈ သိန်း၊ ဧည့်မထ/ငစိန်စပါး ကျပ် ၁၃ သိန်းမှ ၁၅ သိန်း၊ ဧရာမင်း၊ ဧရာပဒေသာစပါး ကျပ် ၁၆ သိန်းမှ၁၈ သိန်း အတွင်းဖြစ်တယ်လို့ဆိုပြီး လက်ရှိ ထုတ်ပြန်ချက်မှာတော့ စပါးတင်း ၁၀၀ ကို ခုနှစ်သိန်းခွဲကျပ်ဖြစ်တယ်လို့ လျှော့ပြီးထုတ်ပြန်ခဲ့တာပါ။

အဆိုပါ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဝန်ကြီးအပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကုန်သည်တွေပါဝင်ကာ တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ဖွဲ့စည်းထားတာပါ။

အခုလို စပါးရည်ညွှန်းဈေး နှစ်ကြိမ်ထုတ်ပြန်ခဲ့မှုအတွက် တောင်သူတွေနဲ့ ဆန်ကုန်သည်တွေမှာ စပါးဈေးနဲ့ ပတ်သက်လို့ ကွဲလွဲမှုတွေရှိနေတာကြောင့် ဘယ်ဈေးနှုန်းနဲ့ အရောင်းအဝယ်လုပ်ရမလဲဆိုတာ ဝေဝါးနေတယ်လို့ ဧရာဝတီတိုင်းက ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့နားလည်တာက ပထမ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တာက ကုန်သည်တွေကို ဒီဈေးနဲ့ဝယ်ဖို့ တိုက်တွန်းတဲ့သဘောပေါ့။ နောက်ထုတ်ပြန်ထားတာကတော့ အနိမ့်ဆုံးဈေးနှုန်းပေါ့။ အဲ့ဒါကတော့ တောင်သူတွေကို ရည်ညွှန်းတာလို့ ထင်တယ်။ အဲ့ဒီထက် အောက်ရောက်ရင် မရောင်းဖို့ပေါ့။ နှစ်ခုက သိပ်တော့ သဟဇာတတော့ မဖြစ်ဘူး။ ဈေးနှစ်မျိုးဖြစ်နေသလို ပြောလို့ရတယ်။ တချို့ နားလည်မှုလွဲနိုင်တယ်” လို့ ဧရာဝတီတိုင်းက ဆန်စက်လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။

တောင်သူလယ်သမား ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်တဲ့ စပါးတင်း ၁၀၀ ကျပ် ခုနှစ်သိန်းခွဲဆိုတဲ့ ဈေးနှုန်းဟာ တောင်သူတွေအတွက် အမြတ်မကျန်တဲ့အပြင် စိုက်ပျိုးစရိတ်တောင်ကာမိမှာမဟုတ်ဘူးလို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က စပါးစိုက်တောင်သူ ဦးတင်ထွန်းက ပြောပါတယ်။

“ခုနှစ်သိန်းခွဲနဲ့ ရောင်းပြီးပြီဆိုတော့ ဈေးတက်သွားရင် ဈေးတက်တာကို မခံစားရတော့ဘူး။ စပါးဈေးက ထိုးကျသွားမယ်။ စပါးဈေးနှုန်းထိုးကျတာဟာ တောင်သူတွေကို နောက်နှစ်လယ်မစိုက်နဲ့တော့လို့ ပြောသလိုပဲ။ အဲ့ဒီဈေးနှုန်းနဲ့ ရောင်းဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ပြန်ပြင်ပေးမှရမယ်။ တင်း ၁၀၀ ကို အနည်းဆုံး ၁၂ သိန်းလောက် အနိမ့်ဆုံးဈေးဖြစ်ဖို့လိုတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဓာတ်မြေဩဇာဈေးနှုန်း၊ အလုပ်သမားခဈေးနှုန်း၊ ဒီဇယ်ဈေးနှုန်း၊ ထွန်ယက်၊ ခြွေလှေ့စက်ငှါးရမ်းဝယ်ယူခ စတဲ့ လယ်ယာထွက်ကုန်သွင်းအားစုတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် အခုလို စပါးတင်း ၁၀၀ ခုနှစ်သိန်းခွဲဈေးသတ်မှတ်ချက်ဟာ စပါးကောက်တဲ့ ကုန်သည်တွေနဲ့ စပါးသိုလှောင်သူတွေအတွက်ပဲ အဆင်ပြေနိုင်ပြီး တောင်သူတွေအတွက် နှစ်ဆနီးပါး နစ်နာတဲ့ ဈေးနှုန်းဖြစ်တယ်လို့ ပုသိမ်မြို့က စပါးစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ဦးကျော်သိန်းက ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ပိုက်ဆံလိုရင် ထုတ်ရောင်းရမှာပဲပေါ့။ သူတို့ကတော့ ဈေးချပေးရင်လည်း ပိုက်ဆံလိုတော့ လယ်သမားက ရောင်းရမှာပဲ။ ဈေးကျလေ ကုန်သည်နဲ့ လှောင်တဲ့သူတွေကတော့ အဆင်ပြေတယ်။ လယ်သမားကတော့ အရှုံးပေါ်ရင် နောက်နှစ်မစိုက်တော့ရုံပဲလေ” လို့ ၎င်းက ပြောပါတယ်။

ဈေးကွက်ပေါက်ဈေးက ရည်ညွှန်းဈေးနှုန်းထက်များနေပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမှာဖြစ်ပြီး ဈေးကွက်ပေါက်ဈေးက ရည်ညွှန်းဈေးထက်နည်းနေပါက ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရမယ်လို့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာ ဆန်ကုန်သည်တွေနဲ့ တောင်သူတွေအတွက် ၂၀၁၉ က စတင်ပြီး အနိမ့်ဆုံး စပါးဈေးအဖြစ် တင်းတစ်ရာ ကျပ်ငါးသိန်းအဖြစ် အစိုးရက သတ်မှတ်ထုတ်ပြန်ပေးခဲ့ပြီး အခုလို ရည်ညွှန်းဈေးသတ်မှတ်တာကိုတော့ စစ်ကောင်စီလက်ထက်မှာ ပြည်တွင်းဆန်ဈေးနှုန်းတွေ မြင့်တက်လာပြီးနောက်မှာ စတင်ပြုလုပ်လာတာပါ။

မြန်မာနိုင်ငံမှာ စပါးစိုက်ဧက ၁၇ သန်းကျော် နှစ်စဉ် စိုက်ပျိုးနေပြီး အထွက်နှုန်း တစ်နှစ်ကို ပျှမ်းမျှ တန်ချိန် ၂၇ သန်းခန့် ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ပုံစာ- စပါးစိုက်နေကြသည့် လယ်ယာလုပ်သားများ
Photo – Mawkun

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."