မိုးကုတ်-၂၀၂၅ ဇွန် ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ လုယက်ဓါးပြတိုက်နေသူတချို့ကို မြို့ကိုထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA)ရဲ့ ရဲတပ်ဖွဲ့ ဝင်တွေက ဖမ်ဆီးဖို့ကြိုးစားရင်း အပြန်အလှန်ပစ်ခတ်မှုတွေ ဒီနေ့မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ဒီပစ်ခတ်မှုတွေအတွင်း အပြန်မလှန် ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ မြို့ခံတချို့က ပြောပေမယ့် မော်ကွန်းအနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
“ လူထုကို ဓားပြတိုက်နေသူတွေကို လူထုက တာဝန်သိ သတင်းပေးတာကြောင့် သွားရောက်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဓားပြနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ပစ္စတိုသေနတ် လေးလက်နဲ့ TNLA ယူနီဖောင်းတွေလည်း သိမ်းဆည်း ရမိခဲ့ပါတယ်”လို့ အခင်းဖြစ်ပွားမှုအခြေအနေကို TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။
ပတ္တမြားမြို့တော်မှာ ဓားပြတိုက်နေသူတွေကို မနေ့ညသန်းခေါင်လောက်က စတင်ပြီး TNLA ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မိုးကုတ်မြို့၊ရွှေဘုံသာရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။
“ သေနတ်ပစ်သံက ဆက်တိုက်ကြားရတယ်. ည ဘက်ကနေ မနက် ၈နာရီလောက်ထိ ပစ်နေတာ။ ဓားပြတွေဘက်ကလည်း သေနတ်ရှိတော့ ပစ်နေကြတာ။ အနီးအနားက အိမ်တွေတောင် ကျည်တွေလာစင်တယ်” လို့ သူက ပြောပါတယ်။
ပစ်ခတ်မှုတွေ မဖြစ်ခင် ဓါးပြအဖွဲ့ထဲက နှစ်ဦးကို မြို့အရှေ့ပိုင်းက RQ Hotel KTV မှာ ဖမ်းဆီးရမိတာဖြစ်ပြီး အဖမ်းခံရသူတွေရဲ့ ဖော်ထုတ်ချက်အရ ကျန်နှစ်ဦးကို နေအိမ်မှာ သွားဖမ်းစဉ် ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရတာလို့ ဒေသခံတချို့က ပြောပါတယ်။
ဒီလ တတိယပတ်အတွင်း မိုးကုတ်မြို့နယ်၊ တောင်တွန်းရွာမှာ ဓားပြတိုက်တာကြောင့် ငွေကျပ် ၁၀သိန်းနဲ့ လက်ဝတ်ရတနာတွေပါသွားခဲ့ ရသလို ကိုးလံရွာမှာတော့ ဓားပြတိုက်ခံရမှုကြောင့် ငွေကျပ် ၇ သိန်း၊ ဆိုင်ကယ်တစ်စီးနဲ့ လက်ဝတ်ရတနာတွေ ပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၃ ရက်ကလည်း မိုးကုတ်မြို့ ကျပ်ပြင်ရွာနဲ့ မင်းတံတားရပ်ကွက်တွေကို ဓါးပြတိုက်ဖို့ ကြံစည်နေတဲ့ အမျိုးသား သုံးဦးကို TNLA က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့တကွ မိခဲ့တာလို့ TNLA က သတင်းထုတ်ပြန်ခဲ့ပါ သေးတယ်။
ပုံစာ- မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ်နင်းရေးလုပ်နေတဲ့ TNLA ရဲတချို့ကို တွေ့ရစဉ်။
ဓါတ်ပုံ-TNLA

