ရန်ကုန် – ၂၀၂၃ ဖေဖေါ်ဝါရီ ၁၉ (မော်ကွန်း)
သာကေတ ၁၃ ရပ်ကွက် ခိုင်ရွှေဝါရေကန်ဘောင်မှာ ဒီနေ့လယ် ၁:၂၀ ခန့်က ရပ်ကွက်လူမိုက်ပြူစောထီးအဖြစ်နာမည်ကြီးသူနေမျိုးအောင် သေနတ်နဲ့ရှစ်ချက်ပစ်ခံရပြီးသေဆုံးခဲ့ပါတယ်။
၎င်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း စကစတပ်နဲ့ပူးပေါင်းကာ ဒလန်သတင်းပေးလည်းလုပ်သလိုရပ်ကွက်ကိုခြိမ်းခြောက်နေသူဖြစ်ပြီး သူကိုယ်တိုင်လည်း စနိုက်ပါနဲ့ပစ်လို့ ဆိုင်ကယ်ကယ်ရီသမားအချို့သေဆုံးဒဏ်ရာရခဲ့တာတွေရှိတယ်လို့ ၎င်းရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။
“အရင်က သူ့ကိုယ်သူနှစ်ပွင့်ကောက်တင်ပြီး ရပ်ကွက်ကိုခြိမ်းခြောက်တာတွေရှိတယ်။ သူ့ကြောင့်ထွက်ပြေးရတဲ့သူတွေလည်းမနည်းဘူး။ အဲဒါတွေနာကျည်းပြီး အခုလိုအပစ်ခံရတာပဲ” လို့ ၎င်းကပြောပါတယ်။
“PDF တွေက နေမျိုးအောင်ပုံမှန်ရှိတတ်တဲ့ ရေကန်ဘောင်မှာကြိုစောင့်ပြီး သေချာမှဝင်ပစ်သွားတာ။ နေမျိုးအောင်တပည့်တွေက သေနတ်လည်းမြင်ရော ဘယ်သူမှဘာမှမလုပ်ရဲတော့ဘူးလေ” လို့ ဖြစ်ပျက်ခဲ့ပုံကို ၎င်းကဆက်ရှင်းပြတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ လက်ရှိအချိန်ထိထုတ်ပြန်တာမတွေ့ရသေးပါဘူး။
လက်ရှိမှာ စကစတပ်တွေ ရပ်ကွက်တွင်းမှာခြေရှုပ်နေကြတာကြောင့် ဆိုင်ကယ်တွေတစ်စီးမှမထွက်ရဲဘဲလူရှင်းနေတယ်လို့ဆိုပါတယ်။ အစစ်ဆေးအဖမ်းဆီးတွေရှိနိုင်တာကြောင့် ရပ်ကွက်တွင်းနေသူတွေကတော့ ဒီညဧည့်စာရင်းတိုင်တာတွေကြိုတင်လုပ်ဆောင်ကြမယ်လို့ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်က သာကေတ ၈ ရပ်ကွက်နဲ့ ၉ ရပ်ကွက်ကအုပ်ချုပ်ရေးမှူးတွေ သေနတ်နဲ့ပစ်ခံရပြီး ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးသေဆုံးခဲ့ပါတယ်။
အဲဒီ့နောက်ပိုင်း ဆိုင်ကယ်စီးခွင့်မပေးတော့ဘဲ တွေ့သမျှဆိုင်ကယ်တွေကို စကစတွေကလိုက်လံဖမ်းဆီးခဲ့ပါသေးတယ်။
#Dailynews

