ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း)
မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား မြေပြင်ထိတွေ့တိုက်ပွဲတွေ ဒီရက်ပိုင်းမှာ ပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီသီတင်းပတ်ကစပြီး တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ သပိတ်ကျဉ်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ သပိတ်ကျဉ်းမြို့ရဲ့ အဝင် ငါးမိုင်၊ ခြောက်မိုင်နဲ့ ခုနစ်မိုင် (အောင်ချမ်းသာရွာ) ကျေးရွာတွေ၊ သပိတ်ကျဉ်းမြို့နဲ့ မန္တလေး-မိုးကုတ်ကားလမ်းဆုံရာ ကားလမ်းတစ်လျှောက် ခြေကုပ်ယူထားတဲ့ တော်လှန်ရေးအင်အားစုတွေကို လေကြောင်း၊ လက်နက်ကြီးပစ်ကူအပါအဝင် မြေပြင်စစ်ကြောင်းထိုးနေတယ်လို့ ၎င်းဒေသခံက ပြောပါတယ်။
“ဒီမှာက လမ်းတစ်လျှောက်က PDF တွေပဲ စိုးမိုးထားတာပါ။ တပ်က နေရာကွက်ကွက်လေးမှာပဲရှိတာ။ အခုအဲဒီလမ်းကြောင်းတွေပွင့်အောင် စစ်ကြောင်းထိုးနေတာ” လို့ ၎င်းဒေသခံက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ TNLA နဲ့ ညှိနှိုင်းမှု အဆင်မပြေတာကြောင့် TNLA ထိန်းထားတဲ့ မိုးကုတ်မြို့ကို ပြန်လိုချင်တဲ့အတွက် ဒီလမ်းကြောင်းကို နယ်မြေရှင်းလင်းနေပုံရတယ်လို့ စစ်ရေးသုံးသပ်ချက်တွေရေးသားနေတဲ့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ဒီမနက်သုံးသပ်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ သပိတ်ကျဉ်းမြို့နယ်၊ တွင်းငယ်ကျေးရွာအနီးမှာ အခြေစိုက်ထားတဲ့ အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ကျောင်း (တကက) ထဲမှာရှိတဲ့ တပ်အင်အားတွေကို တပ်ပြင်ထွက်စေပြီး စစ်ကြောင်းထိုးလာတယ်လို့လည်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားပါတယ်။
မန္တလေးတိုင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ သပိတ်ကျဉ်းမြို့နယ်ထဲက မြို့၊ ရွာနဲ့ စစ်စခန်းတချို့ကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ်လယ်ပိုင်းထဲမှာသိမ်းယူထားပေမယ့် တွင်းငယ် တကက (၁၃) လေ့ကျင့်ရေးကျောင်းအပါအဝင် လက်ကျန်တပ်စခန်းတချို့ ကျန်နေသေးတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သပိတ်ကျဉ်းမြို့အဝင် ခုနစ်မိုင်အနီးကို စစ်ကောင်စီတပ်ဟာ MI-35 ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။
“ဒီတစ်ပတ်နီးပါး တိုက်ပွဲပြန်ဖြစ်နေတယ်။ အဲဒီနားတစ်ဝိုက်က ဒေသခံတွေကတော့ အရင်နှစ်ကုန်ပိုင်းထဲက ပြန်လို့မရကြသေးဘူး” လို့ သပိတ်ကျဉ်းဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ မန္တလေးတိုင်းမှာအခြေစိုက်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ သပိတ်ကျဉ်းမြို့နယ်အပါအဝင် စဉ့်ကူး၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာလည်း မတ္တရာ-စဉ့်ကူး-သပိတ်ကျဉ်း ကားလမ်းတစ်လျှောက်မှာ တိုက်ပွဲပြန်ဖြစ်လာတာကြောင့် ဒီလမ်ပိုင်းကို ခရီးသွားလာခွင့်ပိတ်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) -MDY PDF က ထုတ်ပြန်ခဲ့ပါသေးတယ်။
ပုံစာ – မန္တလေးတိုင်းထဲလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – MDY (PDF)

