ရန်ကုန်-၂၀၂၃ ဩဂုတ် ၂ (မော်ကွန်း)
မနေ့က ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသူ အကျဉ်းသားခုနစ်ထောင်ကျော်ပြန်လွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီနေ့ ထုတ်ပြန်ပါတယ်။
ပြန်လွှတ်ပေးတဲ့ အကျဉ်းသူအကျဉ်းသား ၇,၇၄၉ ဦးထဲမှာ AAPP ရဲ့ ဒီနေ့မနက် ၁၀ နာရီအထိ စာရင်းပြုစုထားချက်အရ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်ကို အတည်ပြုထားပြီး ဆက်လက်အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
AAPP ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ပတ်သက်ပြီး “ အခုလို မဖမ်းသင့်တဲ့လူတွေကို အဓမ္မဖမ်းဆီးထားပြီး ပြန်လွှတ်ပေးတယ်ဆိုတဲ့ကိစ္စက နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဖြေလျော့လိုက်တယ်ဆိုတဲ့ သဘောမဆောင်ပါဘူး။ စစ်အုပ်စုက ဒီလိုကြေညာချက်တွေထုတ်ပြန်ပြီး နိုင်ငံတကာ အသိုက်အဝန်းရဲ့အမြင်ကိုလှည့်ဖျားဖို့ လုပ်ဆောင်နေကြဖြစ်ပြီး သူတို့အနေနဲ့ သဘောထားပျော့ပြောင်းတယ်လို့ ပြင်ပကမ္ဘာက မြင်စေချင်နေတာပါ” လို့ AAPPရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ပြစ်ဒဏ်လျော့ပေါ့ပေးမှုထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ချမှတ်ထားတဲ့ အမှုတွေထဲက နှစ်မှုကို ထောင်ဒဏ်လျော့ပေါ့လိုက်တာကြောင့် နိုင်ငံတော်သမ္မတဟာ ထောင်ဒဏ် ၁၀ နှစ် ဆက်လက်ကျခံရမှာဖြစ်ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စွဲဆိုထားတဲ့ အမှု ၁၉ မှုထဲက ငါးမှုကို စစ်ကောင်စီက ထောင်ဒဏ် လျော့ပေါ့လိုက်တာကြောင့် အတိုင်ပင်ခံဟာ ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရဦးမှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ မနေ့က လွတ်ငြိမ်းမှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ MNDAA ၊ TNLA ၊ SSPP/SSA နဲ့ AA တပ်ဖွဲ့တွေက ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၂ ဦးလည်းပါဝင်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ မနေ့ကအထိ ဖမ်းဆီးခံရသူပေါင်း နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး အဲဒီထဲက ၁၉,၀၀၀ကျော်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ခြောက်ထောင်ကျော်က ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ AAPPရဲ့ စာရင်းတွေအရ သိရပါတယ်။
ပုံစာ- ဝါဆိုလပြည့်နေ့မှာ အင်းစိန်ထောင်ရှေ့တွင် ထောင်မှလွတ်လာသူများနှင့် လာရောက်ကြိုဆိုနေကြသူများ
Photo – Mawkun
#Dailynews

