ဝက်လက် – ၂၀၂၃ ဇူလိုင် ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မနေ့က သုံးဆင့်ကန်နဲ့ ပေါက်ကန်ရွာက နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က မီးရှို့ခဲ့ပြီး ဒီနေ့မှာ နောက်ထပ်ရွာနှစ်ရွာကို မီးရှို့လိုက်ပြန်ပါတယ်။
ဝက်လက်မြို့နယ်၊ ထန်းကြီးရွာနဲ့ ခက်ခရွာတွေကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မနက်ခင်းပိုင်းမှာ ထပ်မံမီးရှို့ခဲ့တာပါ။
“စစ်ကြောင်းက ဒီမနက်မှာထန်းကြီးနဲ့ ခက်ခရွာကိုမီးတင်ပြီးတော့ ပဒူကျေးရွာကိုပြန်ဝင်သွားတယ်၊ သူတို့ဝင်တဲ့ရွာတိုင်း လက်နက်ပစ်ခတ်ပြီးဝင်တာ၊ စစ်ကြောင်းစထိုးကတည်းကမိုးရွာနေတာ၊ မိုးထဲပြေးကြရတယ်”လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့၊ တာဝန်ရှိသူ ကိုဖေဖော်ဝါရီဝမ်းက မော်ကွန်းကိုပြောပါတယ်။
ဒီနေ့ မီးလောင်ပျက်စီးတဲ့နေအိမ်အရေအတွက်ကိုမသိရသေးပါဘူး။
ပြီးခဲ့တဲ့လက Data for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်တပ် အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်လို့ ပျက်စီးခဲ့ရတဲ့ နေအိမ်အရေအတွက်ဟာ ၅၄,၀၀၀ နီးပါးရှိနေပါတယ်။
အခုလည်း အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ဝက်လက်မြို့နယ်ကနေ အင်အား ၇၀နဲ့ တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာပြီး နှစ်ရက်အတွင်း သုံးဆင့်ကန်၊ ပေါက်ကန််၊ ထန်းကြီးနဲ့ ခက်ခရွာတွေကို မီးရှို့ခဲ့တာဖြစ်ပါတယ်။
သုံးဆင့်ကန်ရွာက နေအိမ် ၁၃၀ နဲ့ ပေါက်ကန်ရွာက နေအိမ် ၁၂လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ကိုဖေဖော်ဝါရီဝမ်းကပြောပါတယ်။
ဇူလိုင် ၁၂ ရက်ကလည်း သာလိုင်းရွာကို ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ခြေထောက်မသန်တဲ့အသက် ၆၀အရွယ် ဦးသံချောင်း ကျည်ထိမှန်သေဆုံးခဲ့ပြီး သုံးဆင့်ကန်ရွာကိုမီးရှို့ရာမှာလည်း လေဖြတ်နေတဲ့အသက် ၆၀အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စောင့်ကြည့်တွက်ချက်မှုတွေအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ပြည်သူဟာ ၃,၈၀၀ နီးပါးရှိလာနေပါပြီ။
ပုံစာ – မနေ့က မီးရှို့ခံရတဲ့ သုံးဆင့်ကန်ရွာ
ဓါတ်ပုံ – Supplied
#Dailynews

