ရန်ကုန် – ၂၀၂၂ ဇူလိုင် ၄ (မော်ကွန်း)
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် လှည်တန်းဈေးမှာ စစ်ကောင်စီသတင်းပေး အမျိုးသမီးဒလန်သုံးဦး သေနတ်နဲ့ပစ်ခံလိုက်ရပြီး တစ်ဦးသေဆုံးတယ်လို့ လှည်တန်းမှာနေထိုင်တဲ့ ပြည်သူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“ KFC အရှေ့နဲ့ လှည်းတန်းဈေးဘေးနားကလမ်းထောင့်နားမှာ ခေါက်မုန့်ရောင်းတာ။ သားအမိနှစ်ယောက်၊ နောက်တစ်ယောက်ကအမျိုးပဲ၊ ညီမလား အစ်မလားမသိဘူး။ သားအမိမှာ အမေကတော့ ပွဲချင်းပြီးပဲသေသွားတယ်။ ဒလန်အကြီးစား ကြံ့ဖွံ့အကြီးစား။ လှည်းတန်းမှာ ကလေးတွေဆန္ဒပြ ဘာညာလုပ်ရင် သူတို့ပဲသတင်းပေးနေကြတာ။ တိကျတယ်ပေါ့နော်” လို့ လှည်းတန်းနေပြည်သူတစ်ဦးက ပြောတာပါ။
ကျန်တဲ့နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်စီးကားတစ်စီးနဲ့ လူသေအလာင်းနဲ့ ဒဏ်ရာရသူတွေကို စစ်ကောင်စီက လာရောက်ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။
“သူတို့ကသတင်းပေါက်တာကြာပြီ။ သေနတ် သမားနှစ်ဦး လာပစ်သွားတာ။ ဆယ်ချက်စီ ပစ်ထည့်သွားတာ။ ပြီးလဲပြီးရော တစ်ယောက်တစ်နေရာစီနဲ့ ဘယ်ရောက်လို့ရောက်သွားမှန်းမသိဘူး” လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။
သေနတ်ပစ်ခတ်မှုအပြီးမှာတော့ လမ်းဘေးဈေးဆိုင်ငယ်တချို့ပိတ်ထားလိုက်ပြီး ဆိုင်ခန်းတွေနဲ့ ဖွင့်တဲ့ဆိုင်တွေပဲ ဈေးရောင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။
“ အန်တီတို့မရောင်းရဲဘူး။ သူတို့လူသတ်ခံရလို့ အန်တီတို့ကို မဲမှာကြောက်တယ်။ ရမ်းသမ်းပြီး လူရမ်းကားတွေ ဟိုတစ်နေ့ကလို ပေ ၅၀ ဈေးမှာလို မီးရှို့မှာကြောက်လို့ သိမ်းလိုက်တာ” လို့ လမ်းဘေး ဈေးသည်တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ မည်သည့်အဖွဲ့က လုပ်ဆောင်သွားတယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေလုံခြုံရေးအင်အားအများအပြားနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး လမ်းပိတ်ထားတာတွေလည်း ရှိနေပါတယ်။
#Dailynews

