ဓာတ်ပုံ- ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း
အသက်အရွယ်ရလာတော့ ငယ်ဘဝက အကြောင်းအရာ၊ အဖြစ်အပျက်တွေကို တွေးမိ၊ ပြောမိတဲ့အခါ တခြားသူတွေတော့ မသိဘူး၊ ကျွန်တော်ကတော့ ပြုံးမိ၊ ကြည်နူးမိ၊ ရယ်မော မိတာ အမှန်ပဲ။ တစ်ချိန်တုန်းက စိတ်ဒုက္ခရောက် ခဲ့တဲ့ တချို့ကိစ္စတွေဟာ အခုအချိန် ပြန်တွေးမိ တဲ့အခါ ရယ်စရာတွေ ဖြစ်သွားတတ်ပါတယ်။
ငယ်ဘဝက အကြောင်းအရာတွေကို တိုက်ဆိုင်မှုရှိတဲ့အခါ တစ်ယောက်တည်း တွေးနေမိတာမျိုးရှိသလို မိသားစုစုံတဲ့အခါ၊ ဒါမှမဟုတ် ငယ်သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ပြောဖြစ်တယ်။ အဲဒီလို အချိန်မျိုးဆိုရင် ကိုယ်တွေ မျက်နှာတွေမှာ အပြုံးတွေနဲ့။ ငယ်မှု၊ ငယ်သွေးတွေ ထကြွလာတတ်တယ်။
ကိုယ်တွေကလေးဘဝက တောမှာနေခဲ့ရတာဆိုတော့ သဘာဝတရားကြီးနဲ့ အကျွမ်းတဝင်ဖြစ်ခဲ့ရတယ်။ မြို့မှာလို အခန်းကျဉ်းကျဉ်းလေးထဲမှာ နေရတာ၊ ကစားစရာ ကစားကွင်း၊ ဘောလုံးကွင်း မရှိတာ၊ မော်တော်ကားတိုက်ခံရမှာ၊ ဓာတ်ကြိုး ပြတ်ကျမှာ ကြောက်ရတာ ဒီလို ဒုက္ခတွေနဲ့လည်း ကင်းဝေးတယ်။
ကျွန်တော်တို့နေတဲ့ ခြံဝင်းဆိုရင် ပေရာချီကျယ်တဲ့အခါကျတော့ ခြံထဲမှာ ကြိုက်သလို ပြေးကစားလို့ရတယ်။ ရန်ကုန်မှာလို ခြံဝင်း ကို ခြံစည်းရိုးအခိုင်အမာ ခတ်ထားတာမျိုး မရှိပါဘူး။ ခြံစည်းရိုး ဆိုတဲ့သဘောနဲ့ ဝါးလုံးတွေကို တန်းပြီး နှီးနဲ့ချည် ထားတာမျိုး တော့ ရှိတယ်။ ခြံဝင်းထဲကို အရပ်လေးမျက်နှာ ကြိုက်တဲ့အရပ်က ဝင်လို့ရတယ်။ ဝါးခြမ်းပြားတွေကို လေးကွက်ကြားရက်ပြီး ခြံ စည်းရိုးကာရံထားလည်း ခဏပဲ၊ ကိုယ်တွေ ဘောလုံးခြေစွမ်းပြလို့ နောက်ရာသီမကူးခင် ခြံစည်းရိုးက အပေါက်အပြဲတွေနဲ့ ဖြစ်နေ တတ်တယ်။
အကြောင်းက ကျွန်တော်တို့ရဲ့ အိမ်ရှေ့မှာ ကလေး ၁ဝ ယောက်လောက် ဘောလုံးကန်လို့ရတဲ့ မြေကွက်လပ်တစ်ခုရှိ တယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဘောလုံးကွင်းပေါ့။ ကျောင်းဖွင့် ရက်တွေဆို ညနေတိုင်း ဘောလုံးကန်ဖြစ်တယ်။ နွေရာသီ ကျောင်း ပိတ်ရက်ဆို အဖော်နှစ်ယောက်လောက်ရှိတာနဲ့ ဘော လုံးပွဲက မနက်၊ နေ့လယ်၊ ညနေ အချိန်မရွေး ဖြစ်တယ်။ တစ်ခါ တလေဆိုရင် နေဝင်လို့ မှောင်သွားပြီး ဘောလုံးကို သဲသဲကွဲကွဲ မမြင်ရတော့တဲ့ အထိ ကန်တတ်ကြတယ်။
လပြည့်ညလို ရက်မျိုးမှာလည်း လရောင်ကို ဆလိုက်မီး သဘောနဲ့ ‘အောင်ဆန်းကွင်းကွ’လို့ ကြွေးကြော်ပြီးလည်း ကျွန် တော်တို့တွေ ဘောလုံးကန်ဖူးတယ်။
အိမ်ရဲ့ ဖိနပ်ချွတ်အစင့်လေးဟာ ကျွန်တော်တို့ရဲ့ ဘောလုံး ဂိုးတိုင်ဖြစ်တာကြောင့် ရေနံချေးသုတ်ထားတဲ့ အိမ်ရှေ့ မျက်နှာ စာဟာ ဘောလုံးမှန်ထားတဲ့အရာတွေ အပြည့်ပဲ။ တစ်ခါတလေ ဘောလုံးဟာ အိမ်ရှေ့ ပြတင်းပေါက်ကနေ အိမ်ပေါ်အထိလည်း ရောက်သွားတတ်တယ်။ အိမ်ခေါင်မိုး ဓနိတွေပေါ်လည်း ကျသွား တတ်တယ်။
အဲဒီလို အချိန်မျိုးဆိုရင် ဘောလုံးကန်နေတဲ့သူတွေအား လုံး ခေါင်းလေးတွေ ပု၊ ပါးစပ်လေးတွေ ပိတ်၊ အိမ်ပေါ်က မေတ္တာ ပို့သံ၊ ကြုံးဝါးသံတွေ အဆုံးသတ်ရင် အားလုံး ပုံမှန်အတိုင်း ပြန်ဆော့။
အခု ပြောပြနေတာဟာ ကျွန်တော်တို့ ခြံထဲက ဘောလုံး ကန်တဲ့ အကြောင်းတစ်ခုတည်းပါ။ နွေရာသီကျောင်းပိတ်ရက် တွေဆိုရင် ကျွန်တော်တို့ခြံထဲမှာ ဘောလုံးပွဲအပြင် လောက် စာလုံး ခေါင်ဖိုတိုက်တိုင်း ကစားကြတာလည်းရှိတယ်။ လောက် စာလုံး ခေါင်ဖိုတိုက်တယ်ဆိုတာ လောက်စာလုံး သုံးလုံးကို ဖိုခုံ လောက်ဆိုင် ပူးလိုက်ပြီး အဲဒီအပေါ်မှာ နောက်ထပ် လောက်စာ လုံးတစ်လုံး ထပ်တင်လိုက်တယ်။ အဲဒီလို လောက်စလုံးဖိုတွေကို တန်းစီထားပြီး ကျောက်ဒိုးနဲ့ မှန်အောင် ပစ်ရတဲ့ ကစားနည်းပါ။ ထိပ်ဆုံးဖိုကိုထိရင် ကျန်တဲ့ လောက်စလုံဖိုတွေကို ယူလို့ရတဲ့ ခေါင်ထိ အကုန်ယူစနစ် ဖြစ်ပါတယ်။
အဲဒီကစားနည်း စနစ်နဲ့ ကော်အရုပ်တွေ ထောင်ပစ်တယ်၊ ဆေးလိပ်တိုတွေ၊ သီဟိုဠ်စေ့တွေ ထောင်ပစ်တယ်။ ပြီးတော့ ပလတ်စတစ်ကော်စုတ်တွေ၊ ဒန်တွေကို ထောင်ပစ်တယ်။ အဲဒီမှာ အမျိုးမျိုးသော အရုပ်တွေ၊ ကော်တွေ၊ ဒန်တွေရဲ့ တန်ဖိုးကို ချက် ချင်းတွက်ချက်ရတာဟာ စိတ်ဝင်စားစရာပါ။ တရုတ်သွားတိုက် ဆေး အခွံတစ်ခုဆိုရင် ကော်ဗူးနှစ်ဘူး၊ ဒန်ခွက်တစ်ခွက်ဆိုရင် ကော်ဘယ်လောက်စသဖြင့် ပါဝင်ကစားတဲ့သူတွေအားလုံးက အဆုံးအဖြတ်ပေးရတယ်။ ဘေးကထိုင် ကြည့်နေတဲ့သူ ပါဝင်ဆုံး ဖြတ်ပေးတာလည်း ရှိတယ်။
တစ်ခါတလေ ရှုံးပြီး ကစားစရာ ကော်တွေ၊ ဒန်တွေ မရှိ တော့လို့ ဆက်မဆော့နိုင်ဘဲ ဘေးထိုင်ကြည့်နေတဲ့သူက တန်ဖိုး ကြီးတာကို သေးအောင်၊ တန်ဖိုးသေးတာကို ကြီးအောင် တမင် ဝင်ပြောပြီး ညစ်တာကြောင့် ဈေးမတည့်တာလည်း ကြုံရ တတ်တယ်။
ကော်အရုပ်တွေဆိုရင်လည်း အထူတစ်ရုပ်ဆိုရင် အပါးနှစ် ရုပ်၊ သုံးရုပ်နဲ့ တန်ဖိုးဖြတ်ရတယ်။ တစ်ခါတလေ အရုပ်ပိုင်ရှင်က ဈေးကိုင်နေလို့ ချော့မော့ ဈေးပိုပေးကစားပြီး အဲဒီအရုပ်ကို အရယူလိုက်ရတာမျိုးလည်း ရှိတတ်တယ်။
နောက်ကစားနည်းတစ်ခုက ကျင်းလှိမ့်တာ။ မြေကြီးမာပြီး ညီညာနေတဲ့နေရာမှာ ကျောက်ဒိုးနှစ်လုံး ဝင်ဆံ့လောက်တဲ့ မြေကျင်းလေးတွေကို တြိဂံပုံစံ တူးလိုက်တယ်။ ပထမနံပါတ် တစ်ကျင်းက မြေကျင်းတစ်ကျင်း၊ နှစ်ကျင်းဆိုရင် မြေကျင်း နှစ်ကျင်း စသဖြင့် နံပါတ်တစ်ကနေ နံပါတ်ငါးအထိ မြေကျင်း ၁၅ ကျင်း တူးရတာပါ။
အဲဒီလိုတူးပြီးရင် လေး၊ ငါး ပေအကွာလောက်ကနေ ကျောက်ဒိုး(သို့မဟုတ်) လောက်စလုံးနဲ့ ကျင်းထဲကို ဝင် အောင် ပစ်ရတာပါ။ အဲဒီမှာ နံပါတ်တစ်ကနေ နံပါတ်ကိုးအထိ အပေါက် များတဲ့သူ (ကိန်းဂဏန်း အရေအတွက်ကြီးတဲ့သူ) သူက အနိုင်ရ ပါတယ်။ ဒါပေမဲ့ ကိုယ်ပစ်လိုက်တဲ့ ကျောက်ဒိုး၊ လောက်စာလုံးကျ သွားတဲ့ ကျင်းနံပါတ်တွေကို ပေါင်းကြည့်လိုက်လို့ တစ်ဆယ် ဂဏန်းကျပြီဆိုရင် အဲဒီသူဟာ နှာဖူးကို လက်ဝါးနဲ့ ရိုက်ပြီး ”သေ လိုက်စမ်းပါကွာ”လို့ ထအော်ပါလိမ့်မယ်။ အကြောင်းက တစ် ဆယ် ‘ဘူ’ ဂဏန်းကို ကျပြီး ရှုံးသွားလို့ပါပဲ။
ဒါမှမဟုတ် ကျင်းတစ်ကျင်းတည်းမှာပဲ ကျောက်ဒိုး သုံးလုံး စလုံး ဝင်သွားတယ်ဆိုရင်တော့ အဲဒီသူဟာ အမှတ်အများဆုံးနဲ့ နိုင်ခြေ အများဆုံးသူပါ။ ဒါပေမဲ့ နံပါတ်ငါးကျင်းထဲကို သုံးလုံးဝင် တဲ့သူထက် လေးကျင်းထဲကို ဝင်တဲ့သူက ပိုအမှတ်များပါတယ်။ အလားတူ နံပါတ်တစ်ကျင်းထဲကို သုံးလုံးစလုံးဝင်တယ်ဆိုရင် တော့ သူ့ကို နိုင်နိုင်တဲ့သူ မရှိတော့ပါဘူး။
ကျွန်တော်တို့ဟာ အဲဒီလို ကျင်းလှိမ့်တဲ့ ကစားနည်းစနစ်နဲ့ ကော်တွေ၊ ဒန်တွေ၊ သီဟိုဠ်စေ့တွေကို တန်ဖိုးထားပြီး ဆော့ကြ တယ်။ တစ်ခါတလေဆိုရင် ရှုံးတဲ့သူကို နဖူးတောက်ကြေးလည်း ဆော့ကြတယ်။ နဖူးအလယ်တည့်တည့်မှာ ‘ဘု’ထွက်တဲ့အထိ တောက်ကြတာပါ။
ဒါပေမဲ့ နောက်ပိုင်းမှာ ကိုယ်တွေထက် အသက်အရွယ်ကြီး သူတွေက ငွေအသပြာတွေနဲ့ ဆော့လာတာကြောင့် မြေကျင်း တွေ အားလုံးကို ဖျက်ဆီးပစ်လိုက်ရတယ်။ ကျွန်တော်တို့အိမ်မှာ ဖျက်လိုက်တော့ သူတို့ဟာ တခြားနေရာမှာ သွားဆော့ကြတယ်။ ငွေကြေးတန်ဖိုးများပြီး လောင်းကစားလို ဖြစ်လာတဲ့အခါ ရွာသူ ကြီးတွေ ကိုယ်တိုင်ဝင်ဖမ်းတဲ့အထိ ဖြစ်ကုန်တယ်။ အဲဒါနဲ့ ကျင်း လှိမ့်ကစားနည်းဟာ နာမည်ပျက်ပြီး ကိုယ်တွေပါ လုံးဝမကစားရ တော့ဘဲ စွန့်လွှတ်လိုက်ရတယ်။
ဒါပေမဲ့ ကျွန်တော်တို့အတွက် ကစားနည်းက မရှားပါဘူး။ သားရေကွင်း ပစ်တယ်၊ ဂျင်ပေါက်တယ်၊ သေနတ်ပစ်တမ်းဆော့ တယ်၊ မြက်သီးတွေ သွားနုတ်ပြီး မြက်သီးပစ်တမ်းဆော့တယ်၊ ထောင်ချောက်တွေ ထောင်တမ်းကစားကြတယ်။ ဒါတောင် ရေ ကူးသွားတာ၊ တောထဲတိုးပြီး ဆလူသီးတွေ ခူးစားကြတာ၊ ငှက် လိုက်ပစ်တာ၊ ပုရစ်လိုက်တူးတာ၊ ငါးသွားစမ်းတာ၊ နွားချီးပိုးဥတူး တာ စတဲ့ အလားတူဟာတွေ မပါသေးဘူး။ ကျွန်တော်တို့ဟာ သဘာဝကြီးကို အဲဒီလိုကို အကျွမ်းတဝင် ဖြစ်ခဲ့တာ။
အဲဒါကြောင့် ကျောင်းဖွင့်ရက်ဖြစ်စေ၊ ကျောင်းပိတ်ရက် တွေ ဖြစ်စေ ကျွန်တော်တို့ခြံထဲမှာ ကစားနည်းအစုံ၊ လုပ်စရာ အစုံနဲ့ လူစုံအမြဲရှိတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်အသက် ၁ဝ နှစ်ဝန်းကျင် လေးတန်း၊ ငါးတန်း ကျောင်းသား၊ ကျွန်တော့် အစ်ကိုကလည်း ၁၃နှစ်အရွယ် ခြောက်တန်း၊ ခုနှစ်တန်း ကျောင်း သား၊ ကျွန်တော့်ညီက ရှစ်နှစ်၊ ကိုးနှစ်အရွယ် တစ်တန်း၊ နှစ်တန်း ကျောင်းသား။ ပြီးတော့ အသက် ၂ဝ ဝန်းကျင် လူငယ်အရွယ် ဦးလေးကလည်း ရှိလေတော့ ဒီယောကျ်ားလေး လေးယောက်ရဲ့ အပေါင်းအသင်နဲ့တင် အိမ်မှာ လူက ပြည့်နေပါပြီ။
နွေရာသီ ကျောင်းပိတ်ရက်မျိုးဆိုရင် ရွာထဲမှာရှိတဲ့ ကလေးအများစုဟာ ကျွန်တော်တို့အိမ်ခြံထဲမှာ ရှိကြပါတယ်။ တစ်ခါတလေ တခြားရွာက ကလေးတွေပါ ရောက်လာတတ်ကြ ပါတယ်။ အဲဒီတော့ အိမ်မှာ ကစားဝိုင်းက နှစ်ဝိုင်း၊ သုံးဝိုင်း လောက် ခွဲပြီး ကစားကြတယ်။ သားရေကွင်းပစ်တဲ့သူ၊ ကော် ထောင်ပစ်တဲ့သူ၊ သီဟိုဠ်စေ့ထောင် ပစ်တဲ့သူ စတဲ့ ကစားဝိုင်း တွေ ရှိတယ်။ အဲဒီမှာ ရှုံးလို့ ဆော့စရာ မရှိတဲ့ သူက ဘောလုံး လာကန်ပေါ့။
အဲဒီလို ကလေးတွေ တရုန်းရုန်းနဲ့ အိမ်မှာ လာကစားကြပေ မယ့် ကျွန်တော်တို့မိသားစုကလည်း ကြည်ကြည်ဖြူဖြူပါပဲ။ တစ် ခါတလေ နေ့လယ်၊ နေ့ခင်း ငြင်းကြခုံကြလို့ အရမ်းအသံဆူနေရင် တော့ အသံမထွက်ဘဲ ကစားဖို့ ပြောတတ်တယ်။ အရမ်းဆူညံတဲ့ အခါမျိုးနဲ့ လူကြီးတွေက စိတ်အခန့်မသင့်တာမျိုး ကြုံပြီဆိုရင် တော့ ကျွန်တော်တို့ အပါအဝင် အကုန်လုံးကို မောင်းထုတ်တာမျိုး လုပ်တယ်။ ဒါပေမဲ့လည်း ခဏပဲ တစ်နည်းနဲ့ မကစားရရင် နောက်တစ်နည်း ပြောင်းကစားကြတယ်။ မောင်းထုတ်လို့ လုံးဝ ထွက်သွားကြတာမျိုးတော့ မရှိပါဘူး။
လာကစားကြတဲ့ ကလေးတွေထဲမှာက ပြောမနာ၊ ဆိုမနာ အမာခံတွေ ရှိကြတယ်။ စရိုက်တွေလည်း စုံတယ်။ တချို့ဆိုရင် သူတို့မိဘတွေက ဈေးဝယ်ဖို့ လွှတ်လိုက်ရင် ဈေးဆိုင်မသွားဘဲ ကျွန်တော်တို့အိမ်ကို ရောက်လာတတ်တယ်။ အိမ်က လာမခေါ် မချင်း မပြန်ဘူး။ နောက်ဆုံး ဖအေ၊ မအေ လုပ်သူတွေ တုတ် တစ်ချောင်းနဲ့ နွားမောင်းသလို ရိုက်နှက်ခေါ်တော့မှ ပြန်တယ်။ ဒါပေမဲ့ သူဆော့နေတာကို ပြီးအောင်ဆော့တယ်။ အရိုက်ခံတယ်။ မျက်ရည်တစ်စက် မကျဘူး။ အဲဒီလို ကလေးတွေလည်း ရှိတယ်။
အဲဒီလို ကလေးမျိုးဆိုရင် ကျွန်တော်တို့အိမ်က လူကြီးတွေက မှတ်ထားတယ်။ သူတို့ မိဘတွေက အိမ်ပြန်လာဖို့ လှမ်းခေါ်နေပြီ ဆိုရင် အိမ်က လူကြီးတွေက အဲဒီကလေးကို အိမ်ပြန်ဖို့ ဖျောင်းဖျ ရတယ်။ နောက်နေ့မှ ထပ်ပြီး လာကစားဆိုပြီး ချော့မော့ရတယ်။
ကျွန်တော်တို့ အိမ်နောက်က ကလေးတစ်ယောက်ဆိုရင် သူ့အိမ်မှာ မနေဘဲ ကျွန်တော်တို့အိမ်မှာပဲ လာလာဆော့နေလို့ သူ့အဖေက မသွားဖို့ တားမြစ်တယ်။ ပါးစပ်နဲ့ပြောသလို တုတ်နဲ့ လည်း ရိုက်နှက်တယ်။ သူကလည်း အဲဒီကြားထဲက ထွက်ထွက် လာတယ်။ အိမ်ရောက်ရင် သူ့ရဲ့ ဒဏ်ရာတွေကို ဆေးလိမ်းပေးရ တယ်။ အဲဒီလို လုပ်ပေးရင် သူက ”ရတယ် ထားလိုက်၊ ဘာမှ မဖြစ်ဘူး။ ဒါ ပန်းနဲ့ပေါက်တာ”ဆိုပြီး ပြန်နောက်လေ့ရှိတယ်။ တစ်ခါတလေ ဒဏ်ရာတွေကို သူများမြင်မှာစိုးလို့ သနပ်ခါးတွေ လိမ်းလာတတ်တယ်။
အဲဒီလို ရိုက်ထားပေမယ့် သူ့အဖေအလုပ်သွားရင် ကျွန် တော်တို့အိမ်မှာ လာဆော့၊ သူ့အဖေပြန်လာခါနီးဆိုရင် အိမ် ပြန်ပြေး။ သူ့အဖေ စောစောပြန်လာတဲ့ ရက်ဆိုရင်တော့ သူ့ အတွက် ကံဆိုးတာပဲ။ အဲဒီတော့ ကျွန်တော်တို့အိမ်မှာ သွား မဆော့နိုင်အောင်ဆိုပြီး သူ့အဖေက သူ့ရဲ့ ဘယ်ခြေထောက်၊ ညာ ခြေထောက်ကို သံကြိုးနဲ့ ချည်ထားလိုက်တယ်။
ဒါပေမဲ့ သူဟာ သံကြိုးကို လက်က မပြီး လာဆော့တယ်။ နောက်ဆုံးတော့ အဖေဖြစ်သူက သူ့ကို ဘယ်မှသွားမရအောင် တညင်းပင်မှာ သံကြိုးနဲ့ ချည်ထားပစ်လိုက်ရတယ်။ နောက်ဆုံး တော့လည်း သူ့အဖေကပဲ လက်လျှော့လိုက်ရပါတယ်။ (နောက် ပိုင်း သူကိုယ်တိုင် ညတိုင်း ကျွန်တော်တို့အိမ်မှာ တီဗီလာကြည့်တဲ့ အခြေအနေအထိ ဖြစ်သွားပါတယ်)
အဲဒီလို ခေါင်းမာတဲ့ ကလေးတွေရှိသလို ပြဿ နာရှာတဲ့ ကလေးလည်း ရှိပါသေးတယ်။ အဲဒီ ကလေးလာပြီဆိုရင် မငြင်းဖို့၊ ရန်မဖြစ်ဖို့ အရင်ဆုံး သတိပေးရတယ်။ အဲဒီလို ပြောထားတဲ့ ကြားထဲကကို ရန်ပွဲတစ်ပွဲ၊ နှစ်ပွဲလောက်ဖြစ်ပြီးမှ ပြန်တယ်။ အိမ် က လူကြီးတွေက ”ဟဲ့ကောင်၊ နင်လာမဆော့နဲ့ သွား”လို့ ကျွန် တော့်အမေနဲ့ အဒေါ်က ပြောလိုက်ရင် သူမငိုရတဲ့ အလှည့်ဆိုရင် တော့ ”မဆော့ဘူး။ ပြန်မယ်”လို့ ပြောပြီး ပြန်သွားတတ်တယ်။ သူငိုရတဲ့ အလှည့်ဆိုရင်တော့ သူ့ကို နှင်ထုတ်တဲ့ ကျွန်တော့် အမေနဲ့ အဒေါ်ကိုတောင် ပြန်ရန်တွေ့တတ်တယ်။
ဒါပေမဲ့ အဲဒီလို ရန်ဖြစ်ပြီး ပြန်သွားလည်း နောက်တစ်ရက်၊ နှစ်ရက်လောက်ကြာရင် ဝါထိန်နေတဲ့သွားတွေကို ဖြီးပြပြီး ပြန် ရောက်လာတာပါပဲ။
အဲဒီလို စရိုက်မျိုးစုံတဲ့ ကလေးတွေ အိမ်မှာ လာဆော့တဲ့ အတွက် စိတ်အညစ်ရဆုံး ပုဂ္ဂိုလ်က ကျွန်တော့် အဘွားပါ။ သူက ဒီလူတွေ သောက်သမျှ သောက်ရေကို ဒိုင်ခံဖြည့်ပေးရတဲ့သူပါ။ အသက်က ၆ဝ ကျော်ပြီးဆိုတော့ ရေပုံး၊ ရေအိုးတွေကို သိပ် မ မနိုင်တော့ဟန်တူပါတယ်။ ပြီးတော့ ရေခပ်ပြီး ပြန်လာရင် နဖူးမှာ ချွေးတွေ ဆို့ပြီး မောနေတတ်တယ်။
ကျွန်တော်တို့က ကစားနေရင်း ရေဆာလို့ အိမ်ပေါ် ပြေး တက်သွားပြီး သောက်ရေအိုးစင်အနား ကပ်တယ်ဆိုရင်ပဲ ‘ဟဲ့…နွားတွေ ရေကို ကျွဲသောက်၊ နွားသောက် သောက်မနေကြနဲ့။ ရေ ခပ်ရတာ မလွယ်ဘူး’၊ ‘ဟဲ…မသောက်နဲ့သွား’စသဖြင့် တစ်ခါ တလေ ပြောလွှတ်တတ်တယ်။ အဲဒီလို ပြောနေတဲ့ကြားက သောက်ရေအိုးထဲ ရေမရှိရင် ရေလာသောက်တဲ့သူက နားလေး တဲ့ ကျွန်တော့်အဘွားရဲ့ နားအနားကပ်ပြီး ‘အဘွား၊ ရေအိုးထဲမှာ မိချောင်းပေါ်နေပြီ’၊ ‘အဘွား၊ ရေအိုးထဲက မိကျောင်း ကိုက်လိုက် တယ်’စသဖြင့် စနောက်ပြီး ပြောတတ်ကြတယ်။
အဲဒီလိုဆိုရင် အဘွားဟာ ပြောတဲ့လူကို မျက်စောင်းတစ် ချက်ထိုးပြီး မျက်နှာကို တစ်ဖက် လွှဲသွားတတ်တယ်။ ခဏကြာ ရင်တော့ သူဟာ ရေပုံးလေးကိုကိုင်ပြီး ရေတွင်းဘက်ကို ထွက် သွားတတ်တယ်။
ဒီအဖြစ်အပျက်တွေဟာ ကျွန်တော်ရဲ့ ငယ်ဘဝမှတ်တမ်း တွေထဲက ထင်ရှားနေဆဲ ပုံရိပ်တွေပါ။ အဲဒီတုန်းက အိမ်မှာ လာ ဆော့ကြတဲ့သူတွေ အသက်မသေလို့ ပြန်တွေ့ကြရင် သူတို့မှာ လည်း ဒီအကြောင်းတွေကို ပြောဖို့ အများကြီးရှိနေမယ်ဆိုတာ ယုံကြည်ပါတယ်။
ဒီနေရာမှာ ကျွန်တော့်အဒေါ်နဲ့ပတ်သက်လို့ လုံးဝမမေ့နိုင် တဲ့ အဖြစ်အပျက်ကိုလည်း အမှတ်ရနေပါသေးတယ်။ အဲဒီဖြစ်စဉ် ထဲမှာ ကျွန်တော့်အစ်ကိုလည်း အဓိက ပါပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တစ်ခုမှာ ကျွန်တော့်အဒေါ်က မုန့်ဆီကြော် ကြော်ရောင်းဖို့ စိတ်ကူးပေါ်တယ်။ ကလေးတွေကလည်း ”အန် တီ ကြော်ရောင်း အားပေးမယ်”ဆိုပြီး တိုက်တွန်းကြတယ်။
ဒါနဲ့ အဒေါ်က နေ့လယ်ဆိုရင် ခြံထဲက သီဟိုဠ်ပင်အရိပ်ရဲ့ အောက်မှာ မုန့်ဆီကြော် ကြော်ပါတော့တယ်။ သူ မုန့်ဆီကြော် ကြော်နေပြီဆိုရင် ကလေးတချို့က စားဖို့ကို အနားက ထိုင်စောင့် နေတတ်တယ်။ သူ့ရဲ့ ဈေးကွက်ဟာ အိမ်မှာ လာကစားကြတဲ့ ကလေးတွေနဲ့ အနီးအနားပတ်ဝန်းကျင်က အိမ်တွေလောက်ပဲ ဖြစ်ပါတယ်။
ပြီးတော့ သူ့ရဲ့ လက်တိုလက်တောင်း အခိုင်းခံရတဲ့သူတွေ ကလည်း ကျွန်တော်တို့ကလေးတွေပါပဲ။ မုန့်ဆီကြော် ကြော်ပြီး ရင် ကျွေးမယ် ဒါလေးလုပ်ပေးဆိုတာမျိုး ခိုင်းတာပါ။ တစ်ရက် တော့ ကျွန်တော်ကို ဆီဝယ်ပေးဖို့ ခိုင်းတယ်။ သွားရမယ့် နေရာ က တစ်မိုင်ကျော်ကျော် ဝေးတယ်။
ဓာတ်ပုံ- ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း
လမ်းလျှောက်သွားရမယ်ဆိုရင် မသွားချင်ပေမယ့် အိမ်ကို လာဆော့တဲ့ ကလေးတစ်ယောက်က သူငှားစီးနေတဲ့ ြဌြ စက်ဘီးနဲ့ လိုက်ပို့ပေးမယ်လို့ဆိုတာကြောင့် အဒေါ်ခိုင်းတာကို ကျွန်တော် ပျော်ပျော်ကြီးလက်ခံလိုက်တယ်။ အဲဒီတော့ ကျွန်တော်က လက်တစ်ဖက်မှာ ဆီပုလင်းကိုကိုင်၊ ကျန်လက်တစ် ဖက်က ဆီဖိုးပိုက်ဆံကိုကိုင်ပြီး စက်ဘီး ဘားတန်းမှာစီး။ ကျွန် တော်က စက်ဘီးနင်းသူရဲ့ ရင်ခွင်ထဲရောက်သွားတဲ့ သဘောပေါ့။
အဲဒီ BMX စက်ဘီးလေးက တစ်နာရီကို ၅ ကျပ်၊ ၁ဝ ကျပ် ပေးပြီး ငှားစီးရတာပါ။ ကျွန်တော် စက်ဘီးစီးတတ်သွားတာဟာ အဲဒီစက်ဘီးလေးကို ငှားစီးပြီးတော့ သင်ခဲ့ရတာပါ။ အခုလည်း ကျွန်တော့်ကို လိုက်ပို့တဲ့သူက သီဟိုဠ်စေ့ရောင်းပြီး ရတဲ့ ငွေလေး နဲ့ စက်ဘီးကို ငှားစီးနေတာပါ။ အိမ်မှာ ယောကျ်ားစီး စက်ဘီး တစ်စီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့် အစ်ကိုက အဲဒီစက်ဘီးကို သူက လွဲလို့ ဘယ်သူ့ကိုမှ ပေးမစီးဘူး။ အဲဒီတော့ အခုလို စက် ဘီးလေး စီးပြီးသွားရတော့ ကျွန်တော်လည်း အရမ်းကို ပျော်နေ တာပေါ့။ စက်ဘီးရဲ့ ရှေ့ဘီးလည်ပြီး သွားနေတာ၊ ကွေ့လိုက်တဲ့ အချိန်မှာ ရှေ့ဘီး ယမ်းသွားတာကို ကြည့်ပြီး ကားမောင်းသလို ခံစားကြည့်ရတာကို အရမ်းသဘောကျတယ်။
ဒါပေမဲ့ ကြာကြာ မပျော်လိုက်ရပါဘူး။ ဈေးရောက်လို့ ဆီ ဝယ်ဖို့ ပိုက်ဆံကြည့်လိုက်တော့ လက်ထဲမှာ ပိုက်ဆံက မရှိတော့ ဘူး။ ကျွန်တော် မျက်လုံးတွေ ပြူးသွားတယ်။ ငိုချင်သလိုလို ဖြစ် သွားတယ်။ စက်ဘီးနင်းတဲ့သူက ”လာတက် ငါတို့ ပြန်ရှာမယ်”လို့ ဆိုပေမယ့် ကျွန်တော် စက်ဘီးစီးချင်တဲ့စိတ် မရှိတော့ဘူး။ စိတ်ထဲမှာ ”ငါ ဒီစက်ဘီးစီးလာလို့ဖြစ်တာ”လို့ တွေးပြီး မစီးချင် တော့တာ ဖြစ်သလို စက်ဘီးစီးပြီး ကျပျောက်တဲ့ ပိုက်ဆံရှာသွား ရင်လည်း သေချာမတွေ့မှာစိုးလို့ ကျွန်တော် လမ်းလျှောက်ပြီးပဲ ပြန်လာခဲ့တယ်။
ကျွန်တော့်ကို လိုက်ပို့တဲ့သူကတော့ ရှေ့က စက်ဘီးစီးပြီး သွားပါတယ်။ ကျွန်တော် တစ်လမ်းလုံး ခေါင်းမမော့တမ်း ရှာလာ ခဲ့တယ်။ ရင်ထဲမှာလည်း တဒိတ်ဒိတ်နဲ့။ ဒါပေမဲ့ အိမ်ရောက်တဲ့ အထိ ပိုက်ဆံကို ရှာမရခဲ့ပါဘူူး။ ကျွန်တော် မရောက်ခင်ကတည်း က ပိုက်ဆံပျောက်တဲ့ သတင်းက ရောက်နေပါပြီ။
‘ပျောက်မှာပေါ့ အပျော်မက်နေတာကိုး’၊ ‘ပိုက်ဆံကို လက် ထဲက သေချာမကိုင်ဘူး’၊ ‘ငါ့မှာ မမြတ်ရတဲ့ကြားထဲ နင်က ပိုက် ဆံဖျောက်လိုက်သေးတယ်။ စက်ဘီးနဲ့ အတူတူ ပြန်မလာဘူး’စသဖြင့် အဒေါ်က ကျွန်တော့်ကို ဆီးပြောတယ်။ အဲဒီမှာ ကျွန် တော့် အစ်ကိုက အဒေါ်ထက် ပိုဆိုးတယ်။ ကျွန်တော့်ကို မာန် လိုက်တာများ၊ အံကိုကြိတ်၊ အသံကို ဆောင့်ဆောင့်ပြီး ”မင့် အသုံးကို မကျဘူး။ ဘယ်လိုလုပ် ပျောက်တယ်မသိဘူး”စသဖြင့် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး မာန်ပါတော့တယ်။
ကျွန်တော်လည်း ကိုယ်စက်ဘီးစီးချင်နေခဲ့တဲ့ စိတ်ကို ပြန် တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် ဒေါသအရမ်းဖြစ်မိတယ်။ ”ငါ စက်ဘီးစီး မသွားရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး”လို့ တွေးပြီး နောင် တရမိတယ်။ အဲဒီထက် နောင်တရတာက စက်ဘီးနဲ့ လိုက်ပို့ပေး တဲ့သူက ”လာခဲ့ပြန်ရှာမယ်”လို့ ဆိုတာကို လက်မခံဘဲ ခြေကျင် လျှောက်ပြန်လာမိတဲ့ ကိုယ့်အပြစ်ကို ပိုနောင်တရမိတယ်။ (အကြောင်းက သူ့ဆီမှာ အဲဒီပိုက်ဆံကို တွေ့တယ်လို့ အဒေါ်က ပြောပြလို့ပါ။) ပိုက်ဆံပိုင်ရှင် အဒေါ်ကိုလည်း သနားမိတယ်။
အဲဒါနဲ့ ကျွန်တော့်ကို မာန်မဲနေတဲ့ အစ်ကိုကို အဒေါ်က ဆီ သွားဝယ်ပေးဖို့ အကူအညီတောင်းလိုက်ပါတယ်။ ကျွန်တော့် အစ်ကိုဟာ အဒေါ်ဖြစ်သူက ”နင်ပဲ သွားဝယ်လိုက်စမ်းပါဟယ်”ဆိုတဲ့သဘောနဲ့ အကူအညီတောင်းတာကြောင့် နည်းနည်းတော့ မာန်လေးတက်သွားပုံရတယ်။ ခပ်တည်တည်နဲ့ ဘာမှဆက်မပြော တော့ဘဲ အိမ်ပေါ်မှာ သိမ်းထားတဲ့ သူ့စက်ဘီးကို ချတယ်။
ပြီးတော့ ကျွန်တော့်ဆီက ဆီပုလင်းကိုတောင်းပြီး ထွက် သွားပါတော့တယ်။ အဒေါ်ကတော့ ”ရော့…ဒါ အကုန်ပဲ မရှိတော့ ဘူး”ဆိုပြီး ပိုက်ဆံထပ်ထည့်ပေးလိုက်တယ်။
ကျွန်တော်ကတော့ သူတို့မာန်တယ်ဆိုတာထက် ကိုယ့် ကိုယ်ကိုယ် အပြစ်တင်လို့ကို မဆုံးဘူးဖြစ်နေတယ်။ ပြီးတော့ ပိုပို ကဲကဲ မာန်မဲပြီး မဆိုင်တာတွေပါ ပြောသွားတဲ့ အစ်ကိုဖြစ်သူ အပေါ် ကိုလည်း စိတ်ဆိုးမိတယ်။
ကျွန်တော့်အစ်ကိုဟာ နာရီဝက်လောက် အကြာမှာတော့ ဆီသွားဝယ်ရာက ပြန်လာပါတော့တယ်။ ဒါပေမဲ့ စက်ဘီးကို စီး မလာဘဲ တွန်းလာတာကို တွေ့ရတယ်။ သူ့မျက်နှာ လုံးဝပျက်နေ တာကိုလည်း ကျွန်တော် သတိထားမိတယ်။ သူဟာ ခေါင်းကို ငိုက်စိုက်ငိုက်စိုက်နဲ့ ကျွန်တော့်အနား ရောက်လာမှာ ”ငါ ဆီ ပုလင်း ကွဲသွားတယ်ကွာ”လို့ တိုးတိုးလေး ပြောပြီး လက်တစ် ဖက်မှာ ကိုင်လာတဲ့ ဆီပုလင်းဖင်ပိုင်းကို ပြတယ်။
သူ ဆီဝယ်ပြီး ပြန်လာတော့ လက်တစ်ဖက်မှာ ဆီပုလင်းကို ကိုင်ပြီး စက်ဘီးနင်းလာရာက ပုလင်းနဲ့ စက်ဘီးလက်ကိုင်ရိုက် မိပြီး ကွဲသွားတာလို့ ရှင်းပြတယ်။ အိမ်နောက်ဖေးရောက်နေတဲ့ အဒေါ်ဟာ အိမ်ရှေ့ထွက်လာပြီး အကြောင်းရင်းကို သိသွားတဲ့ အခါ ”နင့် လွှတ်ခါမှ ဆီပုလင်းပါ ကွဲလာတယ်ဟယ်”လို့ ညည်း ရှာတယ်။ ပြီးတော့ ဘာမှဆက်မပြောတော့ဘဲ အိမ်နောက်ဖေး ထဲ ပြန်ဝင်သွားပါတော့တယ်။ ကျွန်တော့်အစ်ကိုရဲ့ မျက်နှာလည်း မန်ကျည်းရွက်လောက်သာ ရှိတော့တယ်။
ကျွန်တော့်မှာ သူ့အဖြစ်ကို ကြည့်ပြီး ငိုရမလို၊ ရယ်ရမလိုကို ဖြစ်သွားတာပါ။ စိတ်ထဲမှာတော့ ဝမ်းမသာပါဘူး။ ဒါပေမဲ့ စော စောက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတဲ့စိတ်တွေဟာ ရင်ထဲ ပေါ့သွားတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်တော့ဘဲ အဖော် ရသွားလို့ပါ။ ကျွန်တော့်အဒေါ်ကတော့ အဲဒီနေ့က အမြတ်ရော၊ အရင်းပါ ပြုတ်သွားတဲ့အတွက် မုန့်ဆီကြော် မကြော်နိုင်တော့တဲ့ ဘဝရောက်သွားပါတော့တယ်။
ဒီအဖြစ်အပျက်လေးဟာ ကျွန်တော့်အတွက် ဒီနေ့အထိ မမေ့နိုင်သလို အဲဒီဖြစ်စဉ်ကနေ သင်ခန်းစာတစ်ခုခုရသလိုမျိုး လည်း ခံစားရတယ်။ အဲဒီတုန်းကတော့ အားလုံးအတွက် စိတ် ဆင်းရဲစရာ၊ စိတ်ညစ်စရာဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ အဲဒီအဖြစ် ကို ပြန်တွေးတိုင်း ပြုံးမိတယ်၊ တိုက်ဆိုင်လို့ သူများကို ပြောဖြစ် တယ်ဆိုရင်လည်း အားရပါးရ ရယ်မိတယ်။
ဒီတစ်ခါ ကျွန်တော့်အစ်ကိုရယ်၊ အဒေါ်ရယ်၊ ကျွန်တော် ရယ် တိုက်ဆိုင်လို့ ပြန်ဆုံခွင့်များရခဲ့ရင် အဲဒီအကြောင်းကို ပြန် ပြောပြမယ်။ သူတို့တွေပြောပြီး ရယ်ကြမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ တစ်ခါတုန်းက စိတ်ညစ်ခဲ့ရတဲ့ အဒေါ်နဲ့ အစ်ကို့ ကိုလည်း အဲဒီလို ခံစားမှုတွေ ရစေချင်ပါတယ ်။ ။
၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ အက်ဆေး ဖြစ်ပါသည်။
ကျော်ဇေယျာထွန်း ရေးသည်။

