ပျော်ရွှင်ခြင်းရိပ်မြုံမှာ ခဏတာ

Illustration-THIHA 2017

ပျော်ရွှင်ချမ်းမြေ့ မှုဆိုတာ ဘာလဲ။ ပျော်ရွှင်မှုရဖို့ ဘာတွေ လိုအပ်တယ်လို့ ထင်ပါသလဲ။ ဘယ်လိုလူတွေမှာ ပျော်ရွှင်မှုရကြပြီး ဘယ်သူတွေက ပျော်ရွှင်မှုနဲ့ ထိုက်တန်ကြသလဲ။ ပျော်ရွှင်မှုရဖို့ ဘာတွေ လိုအပ်သလဲ။ အဲဒီမေးခွန်းအားလုံးကို သေချာစဉ်းစား ဖြေကြ စေလိုပါတယ်။ ပျော်ရွှင်မှုဆိုတာ တစ်စုံတစ်ယောက်က ဖန်တီးပေးလို့ မရပါဘူး။

တကယ်စစ်မှန်တဲ့ ပျော်ရွှင်မှုကို လိုချင်ရင် အရာရာကို ကိုယ်တိုင် ဖန်တီးတည်ဆောက်ခဲ့ဖို့ လိုသလို အရှိတရားကို လက်ခံနိုင်တဲ့ သတ္တိလည်း ရှိဖို့ လိုအပ်ပါတယ်။ ရောင့်ရဲတင်းတိမ်မှု မရှိဘဲ အရာ ရာပေါ် အလိုမကျဖြစ်နေရင် ပျော်ရွှင်မှု အစစ်အမှန် ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ခပ်ငယ်ငယ်က ပျော်ရွှင်မှုတွေက အလကား ရတယ်။ အခုခေတ်လို တိုရေရှားရေ မဟုတ်ဘဲ ပေါပေါလောလော ရတယ်။ လောဘသက္ကာယလည်း နည်းကြလေတော့ ဘယ်အရာ ကို ကြည့်ကြည့် အေးချမ်းနေတယ်။ ပိုက်ဆံဘုံးပေါလအော သုံး နိုင်မှ ပျော်ရတာမျိုး မဟုတ်ဘဲ ကိုယ့်ရှိတာလေး စိစိစစ်စစ်သုံး လည်း ပျော်ရတာပါပဲ။

ကျွန်တော်တို့ ဘယ်လို ပျော်ခဲ့ကြလဲ စဉ်းစားကြည့်တော့ စာအုပ်အငှားဆိုင်တွေ သွားကြတယ်။ ရုပ်ရှင်ကြည့်တယ်။ သီ ချင်းခွေတွေ နားထောင်ကြတယ်။ ရပ်ရေးရွာရေးတွေမှာ တတ် စွမ်းသလောက် ပါဝင်ခဲ့ကြတယ်။ ဘုရားပွဲ၊ ကျောင်းပွဲတွေ ရှိတဲ့ အခါ အင်္ကျီစ အပြေးအလွှားဝယ်ပြီး စက်ဆိုင်မှာ ချုပ်ဝတ်ခဲ့ကြ တယ်။ ဗီဒီယိုရုံတွေ သွားကြည့်ကြတယ်။ လက်ဖက်ရည်ဆိုင် ထိုင် ကြတယ်။ ရာသီပေါ်သီးနှံတွေ စားခဲ့ကြတယ်။ ကာယဉာဏ လုပ် သားကြီးတွေလည်း အချိန်တန် အလုပ်သွား၊ အချိန်မှန် အလုပ် ပြန်ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းခဲ့ကြတယ်။ ဒါပါပဲ။ ဒီထက် မပိုခဲ့ ဘူး။ ပျော်ရွှင်မှုတွေလည်း တကယ် ထိုက်ထိုက်တန်တန် ရခဲ့ကြ တာပါပဲ။

ကျွန်တော်တို့ ကြည့်ခဲ့ရတဲ့ ဗီဒီယိုတွေအကြောင်း မိတ်ဆွေ တို့ကို ဖောက်သည်ချချင်ပါသေးတယ်။ ဗီဒီယိုဆိုတဲ့ ဝေါဟာရက အခုခေတ်မှာ တိမ်မြုပ်ပျောက်ကွယ်တော့မယ့် ဝေါဟာရ ဖြစ်နေ ပြီ။ ဗီဒီယိုဆိုတာ အခုခေတ် ဗီစီဒီစက်တွေလို တီဗီနဲ့ ချိတ်ဆက် ကြည့်ရတဲ့ ဖျော်ဖြေရေးစက်ပဲ ဆိုကြပါစို့။ အခုခေတ်မှာ တီဗီနဲ့ ဗီ စီဒီစက်တွေက အိမ်တိုင်းရှိနေတဲ့ ပစ္စည်းတစ်ခု။ ကျွန်တော်တို့ ငယ်ငယ်က တီဗီတောင် အိမ်တိုင်းစေ့ ရှိတာ မဟုတ်ဘူး။ ဗီဒီယို စက်ဆိုတာ အဝေးကြီး။ ဗီဒီယိုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေက စီး ပွားရေးလုပ်ငန်း ဖြစ်လာတယ်။ အခကြေးငွေ ယူပြီး ဗီဒီယိုရုံ၊ နယ် လှည့် ဗီဒီယို ပြသရေး၊ တီဗီ၊ ဗီဒီယိုစက် ပြုပြင်ရေးလုပ်ငန်း၊ ဗီဒီယို ခွေငှားလုပ်ငန်း စတဲ့ ကျွဲကူးရေပါ လုပ်ငန်းတွေပါ အလုပ်ဖြစ်ခဲ့ ကြတယ်။

ဗီဒီယိုရုံတွေက မိသားစုစီးပွားရေးလုပ်ငန်း ဖြစ်ပြီး အများ ပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ ဖျော်ဖြေရေးလုပ်ငန်း ဖြစ်ပါ တယ်။ ဗီဒီယိုပြစက်ရှိတိုင်း ဗီဒီယိုရုံထောင်လို့ မရဘူး။ ပြသရေး လိုင်စင်ရှိမှသာ ဗီဒီယိုပြသခွင့် ရှိတယ်။ ကိုယ့်မြို့နယ်မှာ မဖြန့်ချိ ရသေးတဲ့ ရုပ်ရှင်ကားကို အခြားမြို့နယ်က ယူပြလို့ မရဘူး။ တင်း ကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း ရှိတယ်။ ဗီဒီယိုခေတ်ဦးမှာ ကျွန်တော်တို့ရပ်ကွက်မှာ ဗီဒီယိုရုံ မရှိဘူး။ ဗီဒီယိုကြည့်ချင်ရင် တခြားရပ်ကွက် သွားကြည့်ရတယ်။ ရုံဝင်ကြေးအဖြစ် တစ် ယောက်ကို တစ်ကျပ် ပေးခဲ့ရတယ်။

ကျောင်းတွေ၊ ရုံးတွေမှာ ဗီဒီယို ပြသပြီး ရန်ပုံငွေတွေ ရှာခဲ့ ဖူးတာပေါ့။ အခု သာသနာ့ဘောင်မှာ ပျော်မွေ့နေတဲ့ မင်းသားကြီး ကျော်ဟိန်းရဲ့ အဓိပ္ပာယ်ရှိသောလူ အမ်တီဗီက ကျောင်းရန်ပုံငွေ ပွဲမှာ ငါးကျပ်ပေးပြီး ကြည့်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ဝန်း ကျင်က တစ်ကျပ်ဆိုတော့ တန်ဖိုးရှိတယ် ပြောရမှာပဲ။ လက်ဖက် ရည်တစ်ခွက် တစ်ကျပ်နဲ့သာ တွက်ကြည့်ပေတော့။ အဲဒီအခွေက သူ့ခေတ် သူ့အခါမှာ အငှားသွက် ၁ဝ ရဲ့ ထိပ်ဆုံးတန်းမှာ ကာလ ကြာရှည် နေရာယူခဲ့တဲ့ အမ်တီဗီ ဖြစ်ပါတယ်။ အပိုင်း ၂ တို့၊ အပိုင်း ၃ တို့ လာမယ် ပြောခဲ့ပေမယ့် သာသနာ့ဘောင်သာ ရောက်သွားတယ် ထွက်မလာလိုက်ဘူး။ အဲဒီခွေထဲမှာပဲ ဆေးပေါ့ လိပ်ကြော်ငြာ အတည်ပေါက် ထည့်သွင်းခဲ့သေးတယ်။

ဗီဒီယိုရုံတွေမှာ ကိုယ်ပိုင်နာမည်တွေ ရှိကြတယ်။ များ သောအားဖြင့် နာမည်လှလှလေးတွေ ပေးထားလေ့ရှိတယ်။ ရာ ပြည့်၊ ရတနာ၊ ပိုင်၊ ဖြိုး၊ စိုး စသဖြင့်ပေါ့။ ဗီဒီယိုရုံတွေက မိသားစု ငါးယောက်လောက်ရှိတဲ့ အိမ်ထောင်စုတွေရဲ့ မီးဖိုချောင်ကို မီးခိုး ထွက်စေတယ်။ သားသမီးတွေရဲ့ ပညာရေးကို ဗီဒီယို ပြသပြီး မြှင့် တင်သွားကြတဲ့ ရုံပိုင်ရှင်တွေ အများကြီး။ ဗီဒီယိုရုံပိုင်ရှင်တွေ အများစုက လူလတ်တန်းစားအလွှာတွေ ဖြစ်ကြတယ်။

ဗီဒီယိုရုံတွေက ပုံမှန်ဆိုရင် တစ်ရက် နှစ်ပွဲလောက် ပြလေ့ ရှိတယ်။ မြို့ပေါ်ရုံတွေက မနက် ၁ဝ နာရီနဲ့ မွန်းလွဲ ၁ နာရီတွေမှာ ပြသကြတာ များတယ်။ ရပ်ကွက်ထဲက တချို့ရုံတွေက ည ၇ နာရီ နဲ့ ည ၉ နာရီတွေမှာ ပြလေ့ရှိတယ်။ ရပ်ကွက်ထဲက ရုံတွေက စနေ၊ တနင်္ဂနွေနေ့တွေမှာ မွန်းလွဲ ၁ နာရီပွဲတွေပါ ပြတာပေါ့။ ဗီဒီယိုရုံ ရှေ့မှာ ချိတ်တဲ့ ဂိတ်ရှိုးပိုစတာ ဖန်တီးမှုကလည်း အနုပညာတစ်ရပ် ပါပဲ။ ဘလက်ဘုတ်ပေါ်မှာ မြေဖြူရောင်စုံနဲ့ ဗီဒီယိုကားနာမည် ရေးထိုးပြီး ပရိသတ်ကို ဆွဲဆောင်ကြတယ်။ မင်းသား၊ မင်းသမီး တွေရဲ့ နာမည်တွေကိုလည်း လက်ရေးဒီဇိုင်းမျိုးစုံနဲ့ ပုံဖော်ကြ တယ်။ နိုင်ငံခြားကားဆိုရင် ဇာတ်လမ်းအကျဉ်းချုပ်ကိုပါ အေဖိုး စာရွက်မှာ ရေးပြီး ကပ်ကြရသေးတာပေါ့။ ကာလသားကြိုက် မင်းသားကြီးက မိုက်ကယ်ဒေါက်ကလပ်စ်။

ဗီဒီယိုရုံတွေမှာ မုန့်ဆိုင်တွေလည်း ရောင်းပါတယ်။ အထူး သဖြင့် နေကြာစေ့၊ အချဉ်ပေါင်း စတဲ့ သရေစာတွေ ရောင်းချတာ ပါ။ ရုံပိုင်ရှင်ကိုယ်တိုင် ဈေးရောင်းတာတွေ ရှိသလို ရုံပိုင်ရှင်ရဲ့ ဆွေမျိုးသားချင်းတွေ ရောင်းချတာလည်း ရှိတာပေါ့။ ဗီဒီယိုရုံ တွေနဲ့ ရုပ်ရှင်ရုံတွေရဲ့ ကွာခြားချက်က ဗီဒီယိုရုံတွေမှာ ရုံဝင်ခက ဘယ်နေရာကကြည့်ကြည့် ပုံသေသတ်မှတ်ထားတယ်။ ရှေ့ဆုံး တန်းမှာ ကြည့်လည်း တစ်ကျပ်၊ နောက်ဆုံးတန်းမှာ ကြည့်လည်းတစ်ကျပ်၊ ရုပ်ရှင်ရုံတွေမှာတော့ ဒီစီတို့၊ စတောလ်တို့ ရှိတယ်လေ။ ဗီဒီယိုပြစက်တွေကို ရပ်ကွက်ထဲမှာတော့ အောက်စက်လို့ အလွယ် တကူ ခေါ်ခဲ့ကြတယ်။ တီဗီရဲ့ အောက်မှာထားတာဆိုတော့ အောက်စက်လို့ ခေါ်ကြတာပေါ့။ အောက်စက်တွေထဲမှာ ပေါ်ဦး ပေါ်ဖျားက ဗီအိတ်တီးဆဲဗင်းဆိုတဲ့ တိုရှီဘာစက်၊ တီဗီမှာ ပြသနေ တဲ့ အစီအစဉ်တွေကို ကူးယူလို့ ရတယ်ဆိုတဲ့ လုပ်ဆောင်ချက်က ရွှေမြန်မာတွေ အကြိုက်ပဲ မဟုတ်လား။ ကျွန်တော်တို့ဆီက လူ တွေက သိတဲ့အတိုင်းပဲ။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကိုယ်နဲ့ အသုံးတည့်တယ်၊ အသုံးမတည့်ဘူးဆိုတာထက် သူ့စွမ်းဆောင် ရည် ဘယ်လောက်ရှိသလဲဆိုတဲ့ ပေတံနဲ့ တိုင်းတာကြတာကလား။ မယုံလျှင် ကုမ္ပဏီထောင်ထားသူတွေကို ကြည့်ပါ။ မီးသွေး လောက် ရောင်းသူကလည်း အလုပ်ခေါ်ရင် LCCI ပြီးပြီးသား၊ အင်္ဂလိပ်စာ ကျွမ်းကျင်သူဆိုမှ ခန့်ချင်ကြတာ မဟုတ်လား။ နောက်ပိုင်းမှာ အောက်စက်အမျိုးအစားသစ်တွေ ဝင်လာတယ်။ တိုရှီဘာစီဝမ်းတို့၊ စီတူးတို့က ကျွန်တော်တို့ဆီက လူတွေနဲ့ အဟပ်တည့်သွားတယ်။ စပယ်ယာပစ္စည်းပေါတယ်၊ အကြမ်း ပတမ်းခံတယ်ဆိုတဲ့ မက်လုံးက ရွှေလူမျိုးတွေအတွက် သည်းခြေ ကြိုက်တွေလေ။

ဗီဒီယိုရုံတွေရဲ့ မျက်နှာကြက်မှာ မီးရထားပန်ကာလို့ ခေါ် တဲ့ ဆုံလည်ပန်ကာလေးတွေ တပ်ထားကြတာ များတယ်။ ပန် ကာ သုံးလုံးလောက် ဖွင့်ပေးထားပေမယ့် ပေ ၃ဝ ပတ်လည် လောက်ရှိတဲ့ ဗီဒီယိုရုံမှာ ဘယ်လိုမှ အအေးဓာတ် မရနိုင်ဘူး။ အထူးသဖြင့် ရုံပြည့်ရုံလျှံနေ့တွေမှာ လူနံ့၊ ချွေးနံ့၊ မိတ်ကပ်နံ့တွေနဲ့ ကြိုင်လှောင်နေတော့တာပါပဲ။ သားသည်မအေတွေနဲ့ ကလေး တွေကလည်း ဗီဒီယိုရုံတွေရဲ့ အခိုင်အမာ ပရိသတ်မဟုတ်လား။ ကလေးငိုသံ၊ ဆူသံ၊ ဆဲသံ၊ အော်ဟစ်ငေါက်ငမ်းသံတွေအပြင် တစ်ခါတစ်ရံ ရုံထဲမှာ အပေါ့အလေး စွန့်ပစ်တဲ့ ကလေးတွေ ကြောင့် သေးနံ့၊ ချေးနံ့တွေပါ ရတာတွေလည်း ရှိတာပါပဲ။ ကျွန် တော်ကိုယ်တိုင်လည်း အဲဒီလို ဗီဒီယိုရုံတွေမှာ ခွေးတိုးဝက်ဝင် ကြည့်ခဲ့ရတာပါပဲ။ လွမ်းစရာသာကောင်းသေးတော့ရပ်ကွက်ထဲက ဗီဒီယိုရုံတွေမှာ အိန္ဒိယကားတွေ ကြည့်ခဲ့ဖူး တယ်။ မီတာဘဂျမ်းတို့ ခေတ်ကောင်းစဉ်ကပေါ့။ ကုလားကား တွေထဲမှာ ဆင်လိမ္မာ၊ မြင်းလိမ္မာ၊ ခွေးလိမ္မာ စတဲ့ တိရစ္ဆာန်လိမ္မာ ကားတွေက သူ့ခေတ်သူ့အခါမှာ တော်တော်ပေါက်တဲ့ ကားတွေ လို့ ပြောနိုင်တယ်။ မြွေမင်းသမီးကားတွေလည်း ပါတာပေါ့။ တရုတ်သိုင်းကားတွေလည်း ဘယ်လက်လွတ်ခံမှာတုံး။ ဒေးဗစ် ချန်း၊ တီလုံးမှသည် ဂျက်ကီချန်းနဲ့ ဂျက်လီအထိ ဆိုပါတော့။ ဘရုတ်စ်လီကားတွေကလည်း ဗီဒီယိုရုံတွေမှာ ရုံပြည့်ရုံလျှံဖြစ်ခဲ့ တဲ့ ဇာတ်ကားတွေ အသေအချာ ဖြစ်ခဲ့တယ်။ ဟောလိဝုဒ်က အက်ရှင်မင်းသားတွေ ဖြစ်တဲ့ ချက်စ်နောရစ်၊ အာနိုး၊ စတားလုံး စတဲ့ မင်းသားတွေကိုလည်း ဗီဒီယိုဇာတ်ကားတွေမှာ စကြည့်ဖူးခဲ့ တာပါပဲ။ ကောင်းဘွိုင်ကားတွေ၊ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေ၊ နင် ဂျာဇာတ်ကားတွေကလည်း ဗီဒီယိုပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ ကြတယ်။

ကျွန်တော်တို့ခေတ်မှာ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားတွေက ဗီဒီ ယိုရုံတွေမှာ နှစ်ညဆက်တိုက်ပြရတဲ့ ကားတွေ ဖြစ်ခဲ့တယ်။ ဂျိမ်းစ် ဘွန်းရုပ်ရှင်တွေ လျှမ်းလျှမ်းတောက်ချိန်မှာ ကျွန်တော်တို့ဆီက တံခါးပိတ်ဝါဒနဲ့ ဧကစာကျင့်သုံးနေချိန်။ ကမ္ဘာကြီးနဲ့ အဆက် အသွယ်ပြတ်တောက်ပြီး အထီးကျန်နေချိန်မှာ ဂျိမ်းစ်ဘွန်းဇာတ် ဝင်ခန်းတွေက အံ့သြဘနန်း ဖြစ်စရာချည်းပဲ။ အထူးသဖြင့် ဂျိမ်းစ် ဘွန်းမင်းသားသုံးတဲ့ အသုံးအဆောင်ပစ္စည်းတွေက ခေတ်ရှေ့ ပြေးလွန်းနေတော့ အထူးအဆန်း ဖြစ်မိတော့တာပေါ့။ ကုန်းရော ရေပါ သွားလို့ရတယ်ဆိုတဲ့ မော်တော်ကားတွေ၊ လက်ပတ်နာရီ ကနေ ဖုန်းပြောလို့ ရတာတွေ၊ ဖောင်တိန်ကနေ သေနတ်ဖြစ်သွား တာတွေ၊ မီးခြစ်ကို အသံဖမ်းစက်အဖြစ် အသုံးပြုတာတွေဟာ သူ့ ခေတ်သူ့အခါမှာခေတ်သိပ်ရှေ့ပြေးတာပေါ့။

ကျွန်တော်တို့ခေတ်မှာ ဂျိမ်းစ်ဘွန်းဟာ သူရဲကောင်းပဲ။ ဘီအမ်ဒဗလျူအမိုးဖွင့်ကားစီးပြီး ပင်လယ်ကမ်းခြေကို အပန်း ဖြေထွက်သူ၊ ကာစီနိုဝိုင်းတွေမှာ ကစားတိုင်း အနိုင်ရသူ၊ ရေချိုး ခန်းကြွေဇလုံထဲမှာ စိမ်ရင်း အကောင်းစား ကော့ညက်အရက် သောက်သူ၊ ရန်သူတွေကို ပစ္စတိုတစ်လက်နဲ့ အပြတ်ရှင်းနိုင်သူ၊ နည်းပညာအခြေပြု ပစ္စည်းအသစ်အဆန်းတွေကို အမြဲသုံးလေ့ ရှိသူ၊ မိန်းမချောလေးတွေ အမြဲ ဝိုင်းဝိုင်းလည်နေသူအဖြစ် ဂျိမ်းစ် ဘွန်းဇာတ်ကားတွေကို ပုံဖော်လေ့ရှိတယ်။ ဂျိမ်းစ်ဘွန်းမင်းသား တွေက အမြဲပြောင်းလဲနေတယ်။ ရှောင်ကွန်နရီ၊ ရာဂျာမိုး၊ တင်မို သီဒေါ်လ်တန်၊ ဒယ်နီယယ်ခရိချ် စတဲ့ မင်းသားတွေသာ ခေတ် ကာလအလျောက် ပြောင်းလဲခဲ့ပေမယ့် ဇာတ်ကောင်စရိုက်က တော့ မပြောင်းလဲခဲ့ဘူး။

မြန်မာဗီဒီယိုရုပ်ရှင်တွေလည်း ဗီဒီယိုရုံတွေမှာ ကြည့်ခဲ့ရ တာပါပဲ။ မြန်မာရာဇဝင်ဇာတ်ကားအချို့ အမျိုးသမီးပရိသတ်အခိုင်အမာ ရရှိခဲ့တယ်။ ဘုရားသမိုင်း၊ နတ်သမိုင်းတွေက ဗီဒီယို ခေတ်ဦးမှာ မြိုးမြိုးမြက်မြက် စားခဲ့ရတဲ့ ကားတွေပေါ့။ ရာဇဝင်၊ ဗုဒ္ဓဝင်၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေလည်း ဗီဒီယိုဆရာတွေ အလွတ်မပေးခဲ့ကြဘူး။ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်းလည်း ကုန်အောင် ရိုက်ခဲ့ကြတာပါပဲ။ ထွန်းလုံရှိန်တို့၊ ချယ်ရီသင်းတို့ဟာ ရာဇဝင်နဲ့ မင်းသား၊ မင်းသမီးအဖြစ် ပရိသတ်က အသိအမှတ်ပြု ခဲ့ကြသူတွေ ဖြစ်တယ်။

ကျွန်တော်ကိုယ်တိုင် ဗီဒီယိုရုံမှာ ကြည့်ခဲ့တဲ့ ဇာတ်ကားတွေ လည်း ရှိတယ်။ အခု အနားယူသွားပြီဖြစ်တဲ့ မင်းသားကြီးကျော် ဟိန်းရဲ့ ဇာတ်ကားတွေက ဗီဒီယိုကြည့် ပရိသတ်တွေကို ဖမ်းစား နိုင်ခဲ့တယ်။ မိုက်ချက်က ကမ်းကုန်ပဲ၊ မောင်ရင် ငတေ မိုက်ကန်း သည်၊ ဆင်ကန်းတောတိုး၊ အာဠဝီ မောင်ရွှီး၊ တစ်ပုဒ် ၅ ကျပ် သုံး ပုဒ် ၁ဝ စတဲ့ ဗီဒီယိုကားတွေက ကျွန်တော်တို့ကို ရင်ခုန်စေခဲ့တယ်။ ကျော်သူနဲ့ တွဲပြီး အကြွေးဆိုတဲ့ ကားကလည်း ဝက်ဝက်ကွဲ အောင်မြင်ခဲ့တာပါပဲ။ စိုးသူနဲ့ တွဲတဲ့ ရဲအုပ်ဘသာနှင့် မင်းသားစိုး သူဇာတ်ကားမှာလည်းအောင်မြင်မှုက အထွတ်အထိပ် ရောက်ခဲ့ ပြန်တယ်။

ဖျော်ဖြေမှု ပါးလျလှတဲ့ခေတ်မှာ ဗီဒီယိုရုံတွေက ကျွန်တော် တို့ကို အာလျပြေစေခဲ့တယ်။ ရုံဝင်ခ ငွေတစ်ကျပ်နဲ့ပျော်ရွှင်မှုကို ရစေခဲ့တယ်။ ကလေး၊ လူကြီးအားလုံးအတွက် ဗီဒီယိုရုံတွေက အထိုက်အလျောက်ပျော်ရွှင်စေခဲ့တယ်။ ဝန်ဆောင်မှု စီးပွားရေး ဆိုသော်ငြား သူ့ခေတ်သူ့အခါက ပြည်သူတွေကို ခေတ္တခဏ ဖြစ် စေ ထွက်ပေါက်ပေးခဲ့ကြတယ်။ နယ်လှည့်ဗီဒီယို ပြသကြသူတွေ လည်း ရှိခဲ့တာပဲ။ ခွေတွေ၊ မီးစက်တွေ၊ တီဗီတွေ၊ ဗီဒီယိုပြစက်တွေ သယ်ပြီး ရပ်နီးရပ်ဝေး ဗီဒီယိုပြသကြသူတွေလည်း ရှိတယ်။ အဲဒီ လို ပြသကြသူတွေက ဗီဒီယိုပြစက်တွေ၊ တီဗီတွေ ပိုင်ဆိုင်ကြသူ တွေ နည်းတယ်။ တစ်ဆင့်ငှားရမ်း ပြသကြသူတွေသာ များတယ်။ ရပ်ဝေးမှာ သွားရောက်ပြသကြသူတွေဆို တစ်လကိုးသီတင်း ကြာတာလည်း ရှိတယ်။ နယ်လှည့်ဗီဒီယိုပြသရင်း ဗီဒီယိုဖူးစာ ကြောင့် အိမ်ထောင်ရက်သား ကျကုန်ကြသူတွေသည်ပင် ရှိ တယ်။ တချို့ ဌာနဆိုင်ရာတွေက ဌာနမှာ ရန်ပုံငွေပွဲအဖြစ် လာ ရောက်ပြသဖို့ ဗီဒီယိုပြသသူတွေကို ငှားရမ်းကြတာလည်း ရှိခဲ့ဖူး တယ်။ သတ်မှတ်ထားတဲ့ ဌာနရန်ပုံငွေ ထည့်ဝင်ပြီး အခကြေးငွေ ယူ ပြသကြတာပါ။

ဗီဒီယိုခေတ်ဦးမှာ ဗီဒီယိုဆင်း မရိုက်ဖူးလို့ လူသိရှင်ကြား ကြွေးကြော်ခဲ့တဲ့ အကယ်ဒမီများရှင် မင်းသမီးတစ်လက် ရှိခဲ့ဖူး တယ်။ ဗီဒီယို မရိုက်ခဲ့တော့ သူ့အနုပညာကို နယ်က လူတွေ ကြည့်ခွင့် မသာတော့ဘူးပေါ့။ အကျိုးဆက်က ပရိသတ်နဲ့ ဆယ် စုနှစ်လောက် ကင်းကွာခဲ့ရတာပါပဲ။ ကျွန်တော်တို့ဆီမှာ အဲဒီလို မရောင်ရာဆီလူးတွေ သိပ်များတာပဲ။ စကားတွေ အလွန်အကျွံ ပြော၊ နောက်တော့လည်း ဗီဒီယိုရေစီးထဲ ဒိုင်ဗင်ပစ်ဝင်တာပါပဲ။ ဒါပေမဲ့ ဗီဒီယို နေဝင်ချိန်ရောက်မှ ဝင်တော့ အချိန်တွေက နှောင်း ခဲ့ပြီ။ စာပေလောကမှာလည်း ရှိတာပဲ။ ဂျာနယ်တွေ ပေါ်ဦးပေါ် ဖျားမှာ ဂျာနယ်မှာ မရေးဖူးလို့ ပြောခဲ့တဲ့ ဆရာ၊ ဆရာမ အချို့ ရှိ ခဲ့ဖူးတယ်။ မရေးတော့ သူတို့ရေးတဲ့ စာပေတွေ ပရိသတ်ဖတ်ခွင့် မရတော့ဘူးပေါ့။ အကျိုးဆက်က ပရိသတ်နဲ့ အလှမ်းကွာသွား တာပါပဲ။ တကယ်တော့ ဂျာနယ်ဖြစ်စေ၊ သတင်းစာဖြစ်စေ ဒါဟာ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ ခေတ်ပေါ် ပလက်ဖောင်းတစ်ခု ပဲ။ ကိုယ့်နေရာကို ချဲ့ထွင်နိုင်ဖို့ ကိုယ့်စပေ့ကို ချဲ့ထွင်ကြရမှာပဲ မဟုတ်လား။

ဗီဒီယိုတွေ ခေတ်ကောင်းစဉ်က ရုပ်ရှင်တွေလိုပဲ အကယ် ဒမီဆုဆိုတာ ရှိခဲ့ဖူးတယ်။ ရွှေစောင်းဆုဆိုပြီး ပေးခဲ့တာပေါ့။ တချို့ မင်းသား၊ မင်းသမီးတွေ ဗီဒီယို ရွှေစောင်းဆု ရရှိခဲ့ကြတယ်။ နောက်တော့လည်း ထုံးစံအတိုင်း မေ့မေ့ပျောက်ပျောက်နဲ့ ပျောက်ပျောက်ပျက်ပျက် ဖြစ်သွားတာပါပဲ။

ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် ဗီဒီယိုရုံတွေ ရှိခဲ့ဖူးတယ် ဆိုတာ မိတ်ဆွေတို့ကို သတိထားမိစေချင်တာပါပဲ။ ဗီဒီယိုရုံတွေ က ကျွန်တော်တို့ကို ပျော်ရွှင်မှုကို ခဏတဖြုတ်ဖြစ်စေ ပေးခဲ့ကြ တယ်။ မိတ်ဆွေတို့ ကြည့်ခဲ့တဲ့ ဗီဒီယိုရုံတွေအကြောင်းလည်း အလျဉ်းသင့်တဲ့အခါ ပြောပြပါဦး။ မိတ်ဆွေတို့ရဲ့ ဗီဒီယိုအတွေ့ အကြုံတွေ ကျွန်တော် နားထောင်ချင်ပါသေးတယ်။     ။

၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ အမေ့ခံ ဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."