အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၁၁ (မော်ကွန်း)
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစိုးရနှင့် ဒီဇင်ဘာလအတွင်းတွေ့ဆုံရန် ရက်မသတ်မှတ်နိုင်သေးကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
“ကျွန်တော်တို့အထဲမှာတော့ ညှိနှိုင်းနေကြဆဲပါ။ နောက်ပြီးတော့ တစ်ဖွဲ့ချင်းစီအနေအထားကြတော့လည်း အခုလောလောဆယ် အစိုးရနဲ့ တွေ့ဖို့က ဆွေးနွေးနေတယ်”ဟု ၎င်းက ပြောသည်။
အစိုးရဘက်က ဒီဇင်ဘာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေးရန် အဆိုပြုထားခြင်းဖြစ်သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်းကလည်း အစိုးရနှင့်တွေ့ဆုံနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်များဘက်တွင် ၁၀ ဖွဲ့ဖြစ်နေသည့်အတွက် တစ်ဖွဲ့ချင်းစီအဆင်ပြေနိုင်မည့်ရက်ကို ညှိနှိုင်းနေကြခြင်းဖြစ်သည့်အတွက် ရက်မသတ်မှတ်နိုင်သေးကြောင်း ပြောသည်။
“၂၀၂၀ အလွန်မှာ အဆင့်လိုက်အကောင်အထည်ဖော်ဖို့ လုပ်ငန်းစဉ်တွေ ရှိတယ်။ အဲဒီဟာတွေကို ကျွန်မတို့က တိုးတက်မှုပြမှတ်တိုင်တွေအဖြစ် ဘယ်လိုအကောင်အထည်ဖော်သွားမလဲဆိုတာကို စဉ်းစားကြတယ်။ အဲဒီမှတ်တိုင်ဆိုတာ ဘယ်လိုမှတ်တိုင်မျိုးဖြစ်မလဲဆိုတာကိုလည်း ကျွန်မတို့ အချင်းချင်းကြားမှာ အတည်မပြုသေးဘဲ စဉ်းစားချက်တွေပဲ ရှိနေသေးတယ်။”ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)တွင် အစိုးရသစ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေးနိုင်ရန် အချက်များ ပါဝင်သည့်အတွက် ယင်းအချက်များကို ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ အစည်းအဝေးများ ဆက်တိုက်ပြုလုပ်နေပြီး အစိုးရနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။
EAO UPDJC အစည်းအဝေးကို ယနေ့ အွန်လိုင်းက ပြုလုပ်ခဲ့သည်ကို တွေ့ရစဉ် ဓာတ်ပုံ – NCA-S EAO
#Dailynews

