ရန်ကုန်-၂၀၂၄ ဇွန် ၅ (မော်ကွန်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦးရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
ဦးတင်ဦးရဲ့ရုပ်အလောင်းကို ရေဝေးသုသာန်ထဲက ဟံသာဝတီဦး၀င်းတင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့၀င် ဦးစိုးဝင်း၊ NLD ပါတီဥက္ကဌဟောင်း ဦးအောင်ရွှေတို့ရဲ့ အုတ်ဂူတွေအနီးမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တာပါ။
သူရဦးတင်ဦးရဲ့ဈာပနကို နေအိမ်ကနေ ရေဝေးသုသာန်အထိ လူအများအပြား လိုက်လံပို့ဆောင်ခဲ့ပြီး နာရေးကားတန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄ ရှေ့ကနေ ဖြတ်ကျော်ခဲ့ပါတယ်။
နာရေးကားတန်းလာရာလမ်းတစ်လျှောက်နဲ့ ရေဝေးသုသာန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေ လုံခြုံရေးအများအပြားယူထားတာတွေ့ရပါတယ်။
သူရဦးတင်ဦးရဲ့ဈာပနအခမ်းအနားကို NLD ပါတီဝင်တွေ၊ နိုင်ငံတကာသံရုံးတွေက တာဝန်ရှိသူတွေ၊ နိုင်ငံရေးသမားတွေ၊ စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နဲ့ ရန်ကုန်တိုင်းစစ်ကောင်စီအဖွဲ့တွေ တက်ရောက်လာတာတွေ့ရပါတယ်။
ဦးတင်ဦးရဲ့နာရေးအခမ်းအနားကို လာရောက်ကြသူ များပြားတာကြောင့် အလှည့်ကျတန်းစီ ဂါရဝပြုကြပါတယ်။
နာရေးအခမ်းအနားမှာ ဦးတင်ဦးရဲ့ မိသားစုဝင်တွေက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ဦးတင်ဦးကို လေးစားဝမ်းနည်းတဲ့အနေနဲ့ နာရေးလာရောက်သူတွေက တစ်မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။
သူရဦးတင်ဦးရဲ့ နာရေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့ထားတဲ့ လွမ်းသူပန်းခြင်း၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ကပေးပို့ထားတဲ့ လွမ်းသူပန်းခြင်းတွေနဲ့အတူ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့ထားတဲ့ပန်းခြင်းကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ဂျပန်၊ တရုတ်၊ အီတလီ စတဲ့သံရုံးတွေကလည်း သူရဦးတင်ဦးအတွက် လွမ်းသူပန်းခြင်းတွေပေးပို့ထားတာတွေ့ရပါတယ်။
NLD ပါတီရဲ့ နာယက ဖြစ်သလို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ သူရဦးတင်ဦးဟာ အခုလ ၁ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်က ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်ခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ်ရှိပြီဖြစ်ပါတယ်။
သူရဦးတင်ဦးဟာ ၁၉၇၄ မတ်လ ၈ ရက်ကနေ ၁၉၇၆ ခုနစ် မတ်လ ၆ ရက်အထိ တပ်မတော်မှာ စတုတ္ထမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး တပ်မတော်မှာ နှစ်ပေါင်း သုံးဆယ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သလို သူရဲကောင်းမှတ်တမ်းဝင် ဇေယျကျော်ထင်နဲ့ သူရဘွဲ့ ရရှိထားသူဖြစ်ပါတယ်။
အဲဒီအပြင် သူဟာ ၁၉၈၈ ခုနစ် စက်တင်ဘာ ၂၇ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို တည်ထောင်ချိန်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၈၈ ဒီဇင်ဘာ ၃ ရက်ကနေ ၁၉၈၉ ဒီဇင်ဘာ ၂၂ ရက်အထိ NLD ပါတီဥက္ကဌတာဝန်ယူခဲ့ပါတယ်။
သူရဦးတင်ဦးဟာ ၂၀၀၃ ခုနစ်မေလတုန်းက ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းအရေးအခင်းမှာ စစ်ခေါင်းဆောင်တွေရဲ့ ပုဒ်မမျိုးစုံတပ် တရားစွဲခံခဲ့ရပြီး ထောင်ရှစ်လ ကျခဲ့သလို နေအိမ်အကျယ်ချုပ်လည်း ငါးနှစ်ကျခံခဲ့ရပါသေးတယ်။
Photo – Mawkun

