သံတွဲ- ၂၀၂၄ သြဂုတ် ၂၈ ( မော်ကွန်း)
ရခိုင်ပြည်နယ် တောင်ပိုင်း၊ သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်တဲ့ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော်(AA) က ဒီနေ့မနက်ပိုင်းက သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဒီနေ့မနက်ပိုင်းကမှ အလံဖြူထောင်ပြီး လက်နက်ချအဖမ်းခံကြတာပါ။ အာရက္ခတပ်တော်က အပြင်းအထန်တိုက်နေတော့ မခံနိုင်ကြတော့ဘဲ အညံ့ခံလိုက်ကြတာ။ တချို့စစ်သားတွေကတော့ အဖမ်းမခံဘဲ စက်လှေတွေနဲ့ ပင်လယ်ဘက်ကို ထွက်ပြေးသွားကြတာလည်း ရှိပါတယ် ” လို့ အထက်ပါ ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒီလ ၂၅ ရက်ကလည်း မောင်ရွှေလေးရေတပ်စခန်းကို AA က ရှော့တိုက်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဆိုပါရေတပ်စခန်းမှ ဗိုလ်မှူးအဆင့်ရှိ ဖြိုးမောင်မောင်ဆိုသူ အပါအဝင် စစ်ကောင်စီတပ်သားငါးဦး သေဆုံးခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နှစ်ဖက်ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြပြီး AA ဘက်ကလည်း ရေတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဒီနေ့မှာ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
” AAက ရှော့တိုက်ဒုံးနဲ့ ပစ်တဲ့နေ့က နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်။ နောက်နေ့တွေမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့တာရှိတယ်။ မနေ့ကမှတိုက်ပွဲရပ်တာ။ နေဗီကတော့ ဆက်ပြီး လက်နက်ကြီးတွေနဲ့ တစ်နေကုန်ပစ်တယ်။ မိုးလင်းတော့မှ အလံဖြူကြီးထောင်ကြတာ။ ဗိုလ်မှူးတစ်ဦးသေတဲ့ကိစ္စရယ်၊ ဆက်ပြီးခုခံနိုင်တဲ့ အင်အားမရှိတာကြောင့်ရယ် ပါမယ်ထင်တယ်” လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ဒီနေ့ ညနေပိုင်းအထိတော့ မောင်ရွှေလေးရေတပ်စခန်းသိမ်းပိုက်ရရှိထားခြင်းနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ဘက်က တရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။ ဒါကြောင့် ရေတပ်စခန်းသိမ်းပိုက်ရရှိထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အတည်ပြုချက်ရနိုင်ဖို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
AA ဟာ သံတွဲမြို့မှာရှိတဲ့ ငပလီ မဇင်လေဆိပ်၊ သံတွဲဟိုတယ်ဇုန်၊ စစ်ကောင်စီတပ်စခန်းတွေအကုန်လုံးနှင့် သံတွဲမြို့နယ်ထဲကနေရာတော်တော်များများကို သိမ်းပိုက်ရရှိထားတာဖြစ်ပြီး သံတွဲတစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်ရရှိနိုင်ရေးအတွက် နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်ကို လဝက်နီးပါးခန့် အချိန်ယူကာ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
ပုံစာ- ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်မှာ သံတွဲမြို့က လေဆိပ်ကို သိမ်းထားတဲ့ AA တပ်ဖွဲ့ဝင်တချို့။
ဓါတ်ပုံ- AA Info Desk
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

