ခင်ဦး – ၂၀၂၃ မတ် ၇ (မော်ကွန်း)
ယမန်နေ့က ခင်ဦးမြို့နယ်၊ ကလုံရွာကိုစစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်လာတာကြောင့် အနီးအနားရွာတွေမှဒေသခံတွေတိမ်းရှောင်ရင်း အသက် ၉၀ အရွယ်အဖွားအိုတစ်ဦးအအေးမိပြီး ဒီနေ့နံနက်မှာတင်သေဆုံးသွားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“စကစတွေလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်လို့ပြေးလာကြတာ။ အဖွားအိုကလည်းအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးလာရတော့လမ်းမှာအအေးမိပြီးဆုံးသွားတာ။ အခုထိအဖွားအိုရုပ်အလောင်းကိုနာရေးမလုပ်ပေးနိုင်သေးဘူး”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့က ကလုံကျေးရွာကိုဝင်ရောက်စခန်းချထားပြီး ဒီနေ့နံနက်ပိုင်းမှာတင် ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။
မုံလှကျေးရွာမှာလည်း အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး မနေ့ကလက်နက်ကြီးထိမှန်ပြီးသေဆုံးသွားခဲ့သလို အမျိုးသားနှစ်ဦးလည်း ဒဏ်ရရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
လက်ရှိစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုကြောင့် ကလုံကျေးရွာအပါအဝင် အနီးအနားကရွာ ငါးရွာရှိ ဒေသခံ ရှစ်ထောင်ကျော်လောက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
အဲဒီထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ ကလေးငယ် တစ်ရာကျော်လောက်ပါဝင်ပြီး နေစရာ၊စားစရာနဲ့ ဆေးဝါးတွေအရေးပေါ်လိုနေတယ်လို့ သိရပါတယ်။
ပုံစာ – ကလုံရွာမီးရှို့ခံနေရတဲ့မြင်ကွင်း
ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့
#Dailynews

