ရန်ကုန် – ၂၀၂၅ ဇွန် ၄ (မော်ကွန်း)
သင်္ကြန်ပိတ်ရက်ကာလအပြီးမှာ ခုန်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ လက်ရှိမှာ အမြင့်ဈေးမှာပဲ ဆက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာပဲ တစ်ကျပ်သားကို ကျပ်နှစ်သိန်းထိ ဆက်လက်မြင့်တက်သွားတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းထိ တစ်ကျပ်သားကို ကျပ် ၇၅ သိန်းကျင်မှာပဲရှိရာ ရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ပြီး ဒီနေ့မွန်းလွဲပိုင်း ဈေးကွက်ဖွင့်လှစ်မှုအရ တစ်ကျပ်သားကို ကျပ် ၇၇ သိန်းကျော်ကို ရောက်ရှိလာပါတယ်။
သင်္ကြန်မတိုင်မီကာလတုန်းကတော့ ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ်သိန်း ၇၀ ဝန်းကျင်မှာရှိနေခဲ့တာဖြစ်ပြီး တစ်လကျော်ကာအတွင်း ခုနစ်သိန်းနီးပါး မြင့်တက်သွားတာပါ။
လက်ရှိမှာ နိုင်ငံတကာဈေးကွက်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ခွန်တိုးကောက်မှုတွေကြောင့် ကမ္ဘာ့ရွှေဈေးဟာ သမိုင်းတစ်လျှောက် စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အခုလို ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်ခဲ့တယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က သုံးသပ်ကြပါတယ်။
အမေရိကန်ဒေါ်လာအပေါ် မှီခိုရတာကို လျှော့ချလိုတဲ့အခြေအနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နိုင်ငံတကာကဗဟိုဘဏ်တွေဟာ ရွှေဝယ်ယူစုဆောင်းမှုမြင့်တက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်ခဲ့တယ်လို့ ဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာလည်း ငွေကြောင်းဖောင်းပွမှုနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ရွှေဝယ်လိုအားမြင့်တက်လာတာက ရွှေဈေးမြင့်တက်ရတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ၎င်းဈေးကွက်လေ့လာသူက သုံးသပ်ပါတယ်။
“ရန်ကုန်လိုနေရာမှာ ရွှေဆိုင်တွေ အသစ်တွေ အများကြီးထပ်ဖွင့်လာတာကြည့်လိုက်ရင် သိနိုင်တယ်။ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေအတွက် ရွှေတွေဝယ်ကြတာလည်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေတာပေါ့” လို့ ၎င်းက ပြောပါတယ်။
ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် ဒီလိုကာလမှာ တစ်ကျပ်သားကို သိန်း ၅၀ ဝန်းကျင်ကနေ တစ်နှစ်အတွင်း သိန်း ၂၀ ကျော်ကို မြင့်တက်ခဲ့တာပါ။
အခုလို ပြင်ပဈေးကွက်မှာ ရွှေရောင်းဈေးဟာ တစ်ကျပ်သားကို ကျပ် ၇၇ သိန်းကျော် ဖွင့်လှစ်ထားပေမယ့် စစ်ကောင်စီရဲ့ ဓါတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီကတော့ တစ်ကျပ်သားကို ကျပ် ၅၈ သိန်းမှာ အရောင်းအဝယ်လုပ်ဖို့ သတ်မှတ်ထားပါတယ်။
ပုံစာ – အကယ်ဒမီအခေါက်ရွှေပြားများ
ဓါတ်ပုံ – မော်ကွန်း

