စည်သူ
ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၂၄ (မော်ကွန်း)
ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရရွှေစံလှပေါက်စီမုန့်တိုက်က ကလေးလုပ်သားတွေကို နှိပ်စက်ညှင်းပန်းတယ်ဆိုတာကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ခေတ္တထိန်းသိမ်းဖို့ ခေါ်ထုတ် ခဲ့ရာမှာပါဝင်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းက ဒုရဲမှူးတစ်ဦး COVID-19 ပိုးတွေ့ရှိခဲ့ပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးမူယာကျော်က “ကလေး တွေကို ထိန်းသိမ်းစောက်ရှောက်မှုပေးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ရဲမှူးတစ်ယောက်ကို ပိုးတွေ့ခဲ့တယ်၊ လုပ်ငန်းပိုင်ရှင်ရဲ့ ညီနဲ့အစ်မတို့မှာလည်း ပိုးတွေ့ခဲ့ပါတယ်”လို့ ပြောပါတယ်။
COVID-19 ပိုးတွေခဲ့တဲ့ ရဲမှူးနဲ့ ထိတွေ့ခဲ့သူ ရဲအယောက် (၅၀)ကျော်ကိုလည်း ပိုးရှိ မရှိ စစ်ဆေးခဲ့ပြီး အားလုံး Quarantine centerဝင်နေတယ်လို့ သူကပြောပါတယ်။
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှသိန်းကပိုးတွေ့ခဲ့တဲ့ရဲမှူးဟာ အဓိကရုဏ်းတားဆီးရာမှာ ပါဝင်ခဲ့တဲ့သူမဟုတ်ဘဲ ကလေးတွေကိုခေါ်ထုတ်ပြီး ရဲစခန်းကို ခေါ်ယူခဲ့တဲ့အချိန်မှာ ပါဝင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ကလေးလုပ်သားတွေကို ပေါက်စီမုန့်တိုက်က နှိပ်စက်ညှဥ်းပန်းပြီး အတင်းအဓ္ဓမအလုပ်ခိုင်းစေမှုတွေ ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပြီးနောက်မှာ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၀ က ဝင်ရောက်စစ်ဆေးခဲ့ပြီး ကလေးလုပ်သားများကို ခေါ်ယူထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
ပုံစံ: ကလေးလုပ်သားများကို အတင်းအဓ္ဓမအလုပ်ခိုင်းစေမှုများရှိသည်ဟုဆိုတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပေါက်စီမုန့်တိုက်
Photo: Mawkun
#Dailynews

