ရေး – ၂၀၂၄ ဩဂုတ် ၄ (မော်ကွန်း)
မွန်ပြည်နယ်၊ ရေးမြို့နယ် နှင်းစုံအုပ်စု၊ နှင်းစုံကျေးရွာမှာ ကင်းလှည့်နေတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နဲ့ စစ်ကောင်စီပူးပေါင်းတပ်ကို ကေအဲန်ယူက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်ရွာလုံးနီးပါး စစ်ရှောင်နေရတယ်လို့ ဒေသခံကပြောပါတယ်။
အခုလ ၁ ရက်က နှင်းစုံအုပ်စု၊ နှင်းစုံကျေးရွာမှာ DKBA အဖွဲ့ဘက်က ဗိုလ်ထွန်းရီအဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ဘက်က စကခ (၁၉)လက်အောက်ခံ ၃၄၃တပ်တို့ ပူးပေါင်းကင်းလှည့်နေချိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း ၂၇၊ တပ်ခွဲ ၃က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံကပြောပါတယ်။
တိုက်ပွဲပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်တာကြောင့် နှင်းစုံရွာသားတွေစိုးရိမ်ကြောက်ကြပြီး မနေရဲတော့ဘဲ တစ်ရွာလုံးနီးပါး စစ်ရှောင်နေရတယ်လို့ နယ်ခံကပြောပါတယ်။
“ တိုက်ပွဲကြီးကြီးမားမားမဟုတ်ဘူး။ ရွာထဲဖြစ်တာဆိုတော့ အရမ်းကြောက်ကြတာပေါ့။ အိမ်တွေ လက်နက်ကြီး ကျည်ဆန်ထိတာလည်း ရှိတယ်၊ တိုက်ပွဲဖြစ်တဲ့နေ့နဲ့ မနေ့ကတော့ တစ်နေကုန်ထုတာပေါ့”လို့ ဒေသခံကပြောပါတယ်။
DKBA အဖွဲ့ ဗိုလ်ထွန်းရီအဖွဲ့ဟာ အရင်က DKBA လက်အောက်ခံဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ထုတ်ပယ်လိုက်ပေမယ့် DKBA အမည်ဆက်ခံထားတဲ့အဖွဲ့ဖြစ်ကာ သူတို့ရဲ့ လက်နက်တွေကို အာဏာသိမ်းစစ်တပ်က ထောက်ပံ့ပေးထားတာလို့ နယ်မြေအတွင်းအဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေလည်း နှင်းစုံကျေးရွာထဲမှာ တပ်စွဲထားတာ တစ်လလောက်ကြာနေပြီလို့ နှင်းစုံရွာသူတစ်ဦးက ပြောပါတယ်။
နှင်းစုံရွာဟာ သံဖြူဇရပ်-ရေးလမ်းမကြီးဘေးမှာရှိတဲ့ရွာဖြစ်ပြီး ရေးမြို့မရောက်ခင်မှာ တည်ရှိပါတယ်။
ရွာထဲမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် နှင်းစုံရွာသားတွေဟာ နီးစပ်ရာ ကျေးရွာတွေမှာ သွားရောက်စစ်ရှောင်နေရပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအင်းအားစု ပူးပေါင်းတပ်တို့ကြား နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ၀ဲခမီ၊ ရွာသားအေးအပါအဝင် အနီးအနားရွာတွေ စစ်ရှောင်နေရပါတယ်။
ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီးမှာလည်း ပြီးခဲ့တဲ့လကုန်ပိုင်းဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ပွဲကြောင့် ရွာသားတွေထိခိုက်ဒဏ်ရာရတာလည်းရှိပါတယ်။
ရေးမြို့နယ်မှာတော့ ဒီကေဘီအေ၊ နယ်ခြားစောင့်တပ်၊ မွန်ပြည်သစ်ပါတီတပ်ဖွဲ့တွေ၊ မွန်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ကေအဲန်ယူ တပ်မဟာ-၆ တပ်ရင်းတွေနဲ့ NUG အဖွဲ့လက်အောက်ခံ စစ်ကြောင်းတွေလှုပ်ရှားကြပါတယ်။
ပုံစာ – နှင်းစုံရွာမြေပုံ

