ရန်ကုန်- ၂၀၂၃၊ မတ်လ ၁၅ (မော်ကွန်း)
မကွေးတိုင်း၊ပခုက္ကူမြို့အနောက်အရပ်၊အမှတ် ၁၅ ရပ်ကွက်၊ဗိုလ်ချုပ်လမ်း၊ ကပ်ကျော်ဓမ္မာရုံအနီးရှိနေအိမ်မှာ ဆရာမနှစ်ယောက်ကို မနေ့ကနေ့လယ် ၁:၄၅ နာရီလောက်က လူသုံးဦး၊ သေနတ်အတိုဖြင့် ထုရိုက်၊ဓါးပြတိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
“အမျိုးသားသုံးယောက်က မီနီအိုးဝေနဲ့လာတာ။ ခြံဝန်းထဲမှာရပ်ထားတဲ့ဆရာမတွေရဲ့ကားနှစ်စီးရဲ့သော့တောင်းတာ၊ မပေးလို့ဆိုပြီး သေနတ်အတိုနဲ့ မပစ်ဘဲနဲ့ထုလိုက်တာ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
ဆရာမနှစ်ယောက်ကို ထုရိုက်နေစဉ်မှာဆရာမတွေက ပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းခဲ့တာကြောင့်ဘာပစ္စည်းမှမယူဘဲ ထုရိုက်ကာထွက်ပြေးသွားတယ်လို့ဆိုပါတယ်။
အဲဒီဆရာမနှစ်ဦးဟာ ပခုက္ကူမြို့နယ် အ.ထ.က (၂) နဲ့ အ.မ.က (၁၄) မူလွန်ကျောင်းတွေမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဆရာမတွေပါ။
နှစ်ဦးလုံးဟာ ပခုက္ကူမြို့ဒေသခံတွေဖြစ်တယ်လို့သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွါးချိန်မှာ အဲဒီဆရာမတစ်ယောက်ရဲ့နေအိမ်ကိုနောက်ထပ်ဆရာမတစ်ယောက်ကအလည်လာတဲ့အချိန်ဖြစ်ပွါးခဲ့တာဖြစ်ပြီး တစ်ခြားမိသားစုဝင်တွေကိုတော့ နေအိမ်မှာမတွေ့ရဘူးလို့မျက်မြင်တစ်ချို့ကပြောပါတယ်။
သူတို့နှစ်ဦးဟာ ဦးခေါင်းနဲ့ နားထင်မှာ ဒဏ်ရာအသီးသီးရရှိထားပြီး ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးမှာဆေးကုသနေတယ်လို့သိရပါတယ်။
ဓားပြတိုက်သူအမျိုးသားသုံးဦးဟာလွတ်မြောက်နေဆဲဖြစ်သလို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာလည်းစုံစမ်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေပြောကြားချက်အရသိရပါတယ်။
#Dailynews

