ဂေထော
ရန်ကုန် – အောက်တိုဘာ ၂၀ (မော်ကွန်း)
ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများစွာရှိခြင်းကြောင့် မဲပေးခွင့်ရှိသူ လေးပုံတစ်ပုံသာကျန်ရှိသည့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်မည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)၊ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က မော်ကွန်းသို့ ပြောသည်။
ဦးမျိုးကျော်က “ယှဉ်ပြိုင်မယ့်ပါတီတွေ ရခိုင်ပြည်နယ်အတွင်းကရော၊ အပြင်ဘက်က ပါတီကြီးတွေရော နေရာကျဉ်းကျဉ်းလေးမှာပဲ ပြိုင်ကြမယ်ဆိုတဲ့အခါကျတော့ ပိုပြီးတော့ ပြိုင်ဆိုင်မှုက ပြင်းထန်မှာပေါ့”ဟု ပြောသည်။
ယင်းပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ရှစ်မြို့နယ်၌ ကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန်စာရင်းသွင်းထားသော်လည်း မကျင်းပနိုင်သည့် နယ်မြေများကြောင့် ကိုယ်စားလှယ်လောင်း ၂၀ ဦးသာ ယှဉ်ပြိုင်တော့မည်ဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်တစ်ခုလုံး၌ ရွေးကောက်ပွဲမကျင်းပမည့် နယ်မြေများမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်သည်။
ကျန်ရှိသည့် ကျောက်ဖြူ၊ အမ်း၊ စစ်တွေနှင့် တောင်ကုတ်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅၂ ခုတို့မှာလည်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ပြည်နယ်တစ်ခုလုံး၌ မဲပေးခွင့်ရှိသူ ၁,၆၄၀,၀၀၀ ကျော်ရှိခဲ့ရာမှ အောက်တိုဘာ ၁၆ ရက်က ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများ ထုတ်ပြန်ကြေညာပြီးနောက် မဲဆန္ဒရှင် ၄၄၅,၀၀၀ ကျော်သာ မဲပေးခွင့်ကျန်ရှိတော့မည်ဖြစ်ကြောင်း ပြည်နယ်ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ရွေးကောက်ပွဲမကျင်းပဖြစ်သည့် ယင်းမြို့နယ်များသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီအများဆုံး ယှဉ်ပြိုင်အနိုင်ရခဲ့သည့် မြို့နယ်များဖြစ်သည်။
ထိုပါတီသည် လာမည့်ရွေးကောက်ပွဲအတွက် ယခင်က ကိုယ်စားလှယ်လောင်း ၆၀ ကျော်စာရင်းသွင်းထားသော်လည်း လက်ရှိတွင် ကိုယ်စားလှယ်လောင်း ၃၀ ဝန်းကျင်ခန့်သာ ယှဥ်ပြိုင်နိုင်တော့မည်ဖြစ်သည်။
ရခိုင်အမျိုးသားပါတီ၏ ပါတီနိုင်ငံရေးမူဝါဒဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က “ကျွန်တော်တို့ကတော့ အကောင်းဆုံးမျှော်လင့်ထားတာပဲ။ မဲရအောင်ပြိုင်ရတဲ့နေရာမှာ ကိုယ့်ပါတီနိုင်အောင်ပဲ ကိုယ်လုပ်ကြမှာပေါ့”ဟု ပြောသည်။
မြို့နယ် ၁၇ ခုရှိသည့် ရခိုင်ပြည်နယ်တွင် မြို့နယ်ထက်ဝက်မျှသာ ရွေးကောက်ကျင်းပွဲ ကျင်းပနိုင်မည်ဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော် ကိုးနေရာ၊ အမျိုးသားလွှတ်တော် ခုနစ်နေရာနှင့်ပြည်နယ်လွှတ်တော် ၂၀ နေရာအပါဝင် စုစုပေါင်း ၃၆ နေရာ ရွေးကောက်ခံကိုယ်စားလှယ်များ လစ်လပ်သွားမည်ဖြစ်သည်။
ပုံစာ – ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း အောက်တိုဘာ ၁၄ ရက်နေ့ က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အမှတ်-၁ မဲဆန္ဒနယ်အောင်နိုင်ရေးခရီးစဉ်မှတ်တမ်းဓါတ်ပုံ။
ဓါတ်ပုံ – ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ကျောက်ဖြူ)
#Dailynews

