ရန်ကုန်-၂၀၂၃ ဖေဖော်ဝါရီ ၂၄ (မော်ကွန်း)
ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာအတွင်းက အမှတ်၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်တွေက အနီးကကျူးကျော်ဈေးဆိုင်ခန်းတွေကို ဒီကနေ့အပြီးဖျက်ခိုင်းတာကြောင့် ယုဇနဥယျာဉ်မြို့တော်ထဲကမြေညီထပ်ခန်းတွေ ငှားရမ်းခနှစ်ဆနီးပါး မြင့်တက်သွားတယ်လို့ ဒေသခံတွေကမော်ကွန်းကိုပြောပါတယ်။
“ဆိုင်ခန်းတွေပိတ်ခံရတော့ တတ်နိုင်တဲ့သူတွေကျ လမ်းတွေထဲမှာ မြေညီထပ်တွေငှားပြီး ရောင်းမယ့်သူတွေရှိတယ်။ အဲ့ကျဘယ်လိုဖြစ်လဲဆိုတော့ မြေညီထပ်ဈေးတွေက ဒီမနက်ကမှ တက်သွားတာ။ ယုဇနတစ်ခွင်လုံး မြေညီထပ်ဈေးတွေမြင့်ကုန်တာ။ ပိတောက်ကွေ့နားဆို တစ်လကို လေးသိန်းခွဲတဲ့။ အဲ့လောက်ထိဈေးပေါက်တာ။ အရင်တုန်းက အဲ့ဘက်ဆို နှစ်သိန်းဝန်းကျင်ပဲရှိတာ၊ ဒီနေ့မနက်မှဈေးတက်သွားတာ။ နာရီပိုင်းနဲ့ကို တော်တော်ဈေးတက်သွားတာ” လို့ ယုဇနဥယျာဉ်မြို့တော်မှာ နေတဲ့သူတစ်ဦးကပြောပါတယ်။
အဲဒီလိုဈေးတွေတက်ကုန်တာကြောင့် ဆိုင်ပြန်ဖွင့်ဖို့အရင်းနှီးမရှိသူအများအပြား ဆိုင်တွေပိတ်လိုက်ရတယ်လို့ ဆိုင်ခန်းဖျက်သိမ်းခံရတဲ့ ဈေးသည်တစ်ဦးကလည်းပြောပါတယ်။
“အစ်မတို့ကျ မဖြစ်မနေရောင်းစရာဆိုင်ခန်းရှာရတော့မယ်။ အပြီးဖျက်ရမယ်ပြောတော့ အကုန်လုံးကလည်း (ဆိုင်ခန်း) ရှာကြတာပေါ့။ ရှာတဲ့အချိန်မှ ဈေးတွေကမြင့်သွားတာ။ တချို့ဆို ပိုက်ဆံရော အင်အားရောမရှိတဲ့သူတွေကျ လုံးလုံးပိတ်လိုက်ရတော့တာပေါ့။ တစ်သိန်းခုနစ်သောင်း တစ်သိန်းရှစ်သောင်းအခန်းတွေက နှစ်သိန်း နှစ်သိန်းခွဲပေါ့ အဲ့လိုတွေဖြစ်သွားတာ။ မိန်းလမ်းတွေဆိုရင်တော့ ဈေးပိုများသွားတာပေါ့။
အရင်က အရမ်းမတက်ပါဘူး။ အခုကျ လှုပ်လှုပ်လှုပ်လှုပ်ဖြစ်နေတာဆိုတော့ ဈေးနည်းနည်းမြင့်သွားတာပေါ့” လို့ ဈေးသည်တစ်ဦးကပြောပါတယ်။
အုပ်ချုပ်ရေးမှူးရုံးပစ်ခတ်ခံရပြီး ကျွန်းရွှေဝါလမ်းမကြီးတစ်လျှောက်က ကျူးကျော်အိမ်တွေနဲ့ ယုဇနဥယျာဉ်မြို့တော် B-5 လမ်းကဈေးဆိုင်တန်းတွေနဲ့ ယုဇနဈေးကဆိုင်ခန်းတွေဖျက်ဆီးခံရတာလို့ ဒေသခံတွေကပြောပါတယ်။ ဆိုင်ခန်းတွေဖယ်ရှားခိုင်းရာမှာလည်း တုတ်ဓားကိုင်ထားတဲ့ လူမိုက်တွေလည်း ပါလာတယ်လို့ သိရပါတယ်။
ယုဇနဥယျာဉ်မြို့တော်ထဲက ၉၄ ရပ်ကွက်ရုံးကို ယခုလ ၁၉ ရက်ညနေခင်းကတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးနှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရပြီး အိမ်ရာဝင်းမှာ အစစ်ဆေးတင်းကျပ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ပုံစာ – ယုဇနဥယျာဉ်မြို့တော်အတွင်း ဖျက်သိမ်းနေသောဆိုင်ခန်းများ
Photo: Mawkun
#Dailynews

