ရန်ကုန် – ၂၀၂၃ ဩဂုတ် ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ပတိမ်ပြင်နဲ့ အင်းဖျားရွာနှစ်ရွာကို စစ်ကောင်စီတပ်တွေ အခုညနေပိုင်းမှာ စတင်မီးရှို့ဖျက်ဆီးနေလို့ ဒေသခံအများအပြား ထွက်ပြေးနေရတယ်လို့ အဲဒီကရွာခံတွေက မော်ကွန်းကိုပြောပါတယ်။
“အခုပဲ နှစ်ရွာလုံးကိုမီးတင်ရှို့နေတာ။ မနက်က ဒေသခံအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီး သူတို့အထိနာလို့နေမှာ၊ ရွာကိုမီးရှို့နေတာ။ ရွာထဲကလူတွေကတော့ အကုန်ပြေးနေရတယ်” လို့ ပတိမ်ပြင်ရွာသားတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိတော့ ဒေသခံတွေ ဖမ်းဆီးခံရတာမျိုး မကြားရသေးဘူးလို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေ အခုမီးရှို့နေတဲ့ရွာနှစ်ရွာကို မနက်ကဝင်ရောက်စီးနင်းချိန်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေ အထိနာသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“ဒီကောင်တွေရွာထဲဝင်တဲ့အချိန် ကိုယ့်ဖက်ကညှပ်ပိတ်တိုက်တာ။ ကျတဲ့ကောင်ကကျ၊ ငါးကောင်သေတယ်။ ကိုယ့်ဖက်က သေနတ်တစ်လက်ရလိုက်တယ်။ သေနတ်က MA-11” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေ ရွာနှစ်ရွာကိုမီးရှိ့နေတာကြောင့် လက်ရှိအချိန်မှာ ပတိမ်ပြင်၊ အင်းဖျားစတဲရွာနှစ်ရွာအပြင် အနီးနားမှာရှိတဲ့ကျေးရွာတွေက ဒေသခံထောင်ချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလအစောပိုင်းကတည်းကစပြီး ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေပြီး လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုတွေကြောင့်လည်း ဒေသခံသုံးဦး သေဆုံးခဲ့ပါသေးတယ်။
သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISP Myanmar ရဲ့အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံအနှံ့နေအိမ်အဆောက်အဦ ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရပြီး စစ်ကိုင်းတိုင်းက အများဆုံးမီးရှို့ဖျက်ဆီးခံရတာလို့ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေ အခုညနေပိုင်းမှာ မီးရှို့ဖျက်ဆီးနေတဲ့ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာနှစ်ရွာ
Photo – Supplied
#Dailynews

