ကော့ကရိတ် – ၂၀၂၂ အောက်တိုဘာ ၂၆ (မော်ကွန်း)
လွန်ခဲ့တဲ့ငါးရက်က တော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ကော့ကရိတ်မြို့ပေါ်က အာဏာသိမ်းစစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒီကနေ့အထိ မြို့ပေါ်မှာ တိတ်ဆိတ်ငြိမ်သက်နေတုန်းပဲလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကော်သူးလေ၊ ဒူးပယာခရိုင် တပ်မဟာ (၆) နယ်မြေထဲက တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ အာဏာသိမ်းစစ်တပ်ဘက်က ဂျက်ဖိုက်တာလေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအများအပြားသေဆုံးခဲ့ပါတယ်။
မနေ့ကလည်း ကော့ကရိတ်မြို့တောင်ဘက် ကော့နွဲ့ရွာအနား မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ အာဏာသိမ်းစစ်တပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ပေါ်မှာလည်း တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ ဒေသခံကပြောပါတယ်။
“ကော့ကရိတ်မြို့ ဈေးမှာ ဈေးတွေတအားတက်တယ်၊ ပစ္စည်းတွေက မဝင်တော့ဘူး၊ ရှိတဲ့ပစ္စည်းတွေကတော့ ဈေးတက်ကုန်တယ်၊ ဆိုင်တော်တော်များများလည်း ပိတ်ထားကြတယ်” လို့ဒေသခံကပြောပါတယ်။
မြို့ပေါ်မှာ လူသွားလူလာ နည်းပါးသလို၊ အရောင်းအဝယ်တွေလည်းအေးနေကြပြီး ဈေးလာဝယ်မယ့် ကျေးရွာတွေကပြည်သူတွေဟာလည်း ကြောက်လန့်နေကြတာကြောင့် မလာရဲကြဘူးလို့ သူကပြောပါတယ်။
မြို့ပေါ်မှာရှိတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေဟာ အပြင်မထွက်ရဲဘဲ အထဲမှာပဲ နေကြတယ်လို့ သူကပြောပါတယ်။
“အရင်တုန်းကလို ဟိုနေရာစစ်၊ ဒီနေရာစစ်မရှိတော့ဘူး။ သူတို့စခန်းမှာပဲ နေကြတော့တယ်။ ရဲတွေကတော့ အပြင်မှာရှိတယ် အရပ်ဝတ်တွေနဲ့နေနေကြတာ”လို့ ဒေသခံကပြောပါတယ်။
အောက်တိုဘာ ၂၁ ရက် တိုက်ပွဲမှာ မြို့ပေါ်ကို လေကြောင်းပစ်ခတ်မှုတွေတင်မကဘဲ တိုက်ပွဲပြီးတဲ့နောက်ရက်တွေမှာလည်း ကော့ရိတ်မြို့နယ်၊ ကျေးရွာတွေဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က ၁၂၀ မမ၊ လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။
#Dailynews

