ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁၂ (မော်ကွန်း)
တိုက်ပွဲတွေကြောင့် သီတင်းပတ်နှစ်ပတ်ကျော်ကြာပိတ်ထားရတဲ့ မြိတ်-ပုလော ကားလမ်းကို ဒီနေ့မှာ ပြန်ဖွင့်လိုက်ပြီလို့ ဒေသခံတချို့က ပြောပါတယ်။
ဒီကားလမ်းကို ပြီးခဲ့တဲ့လ ၂၄ ရက်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် တော်လှန်ရေးတပ်တွေဘက်က လမ်းအသုံးပြုမှု ယာယီပိတ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြန်ငြိမ်သက်သွားပြီဖြစ်တာကြောင့် လမ်းကို ပြန်လည်အသုံးပြုနိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင်တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီလမ်းပိုင်းအသုံးပြုသူတွေအနေနဲ့ ပုလောမြို့နယ်ထဲက ပလမြို့မှာတော့ နှစ်ဖက်တိုက်ပွဲတွေ ရှိနေသေးတာကြောင့် ဒီမြို့ကိုရှောင်ပြီး သွားလာကြဖို့လည်း ထုတ်ပြန်ထားတာပါ။
မော်လမြိုင်ကနေ ရေး၊ ထားဝယ်နဲ့ မြိတ်ထိ သွားလာနိုင်တဲ့ ဒီအမှတ် (၈) ပြည်ထောင်စုလမ်းဟာ တနင်္သာရီတိုင်းအတွက် အဓိကလမ်းမကြီးတစ်ခုဖြစ်ပါတယ်။
ဒီလမ်းပိုင်းက ပုလောမြို့နယ်ထဲမှာ ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲတွေဖြစ်ခဲ့ပြီး လမ်းပိုင်းကိုလည်း မကြာခဏ ဖြတ်သန်းသွားလာခွင့် ပိတ်လေ့ရှိပါတယ်။
အခုလို လမ်းပိတ်ထားတဲ့အတွက် ဒေသခံတွေဟာ ရေလမ်းကနေ သွားလာရပြီး ခရီးစရိတ်လည်း အများအပြားကုန်ကျနေတဲ့အပြင် ဒေသတွင်း ကုန်စည်စီးဆင်းမှုလည်း အခက်အခဲဖြစ်နေတာပါ။
ဒီမနက်ပိုင်းမှာတော့ မြိတ်မြို့ကနေ အိမ်စီးကားတွေ၊ ခရီးသည်တင်ကားတွေ ပြန်လည်သွားလာနေကြပြီလို့ မြိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
“ကားတွေစုပြီး သွားကြတယ်။ ဖြေးဖြေးပဲသွား မှန်ချပြီးသွားပေါ့ အဲဒီတော့ သွားနေကြပြီ။ လမ်းကပြန်ဖွင့်မှ အဆင်ပြေမယ်။ ဒီဘက်က ရွာတွေဆို ဆန်၊ ဆီကအစ ဝယ်မရတော့တာတွေရှိတယ်။ အခုပြန်ဖွင့်တယ်ဆိုပေမယ့် အချိန်မရွေးလည်း ပြန်ပိတ်သွားနိုင်သေးတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
မြိတ်-ပုလောလမ်းပိုင်းက ပလမြို့အနီးမှာ ပြီးခဲ့တဲ့လပိုင်းတွေကလည်း စစ်ကောင်စီတပ်နဲ့ ဒေသတွင်း PDF တပ်တွေ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ပြီးခဲ့တဲ့လပိုင်းကလည်း ဒီတိုက်ပွဲတွေအကြား ဒေသခံထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး ပလမြို့နဲ့ နီးစပ်တဲ့ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်ကြရဆဲဖြစ်ပါတယ်။
ပုံစာ – မြိတ်မြို့နယ်ထဲ လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – မြိတ်ခရိုင် PDF တပ်ရင်း

