မုံရွာ-၂၀၂၂ ဒီဇင်ဘာ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ကရပ်ကွက်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းပစ်တာကြောင့် ပြည်သူနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးသွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
“လက်နက်ကြီးထုတာ သိင်္ဂီရပ်ကွက်ထဲက အမျိုးသမီးတစ်ယောက် လက်နက်ကြီးမှန်တာ သေသွားတယ်။ နောက်တစ်ယောက်က ၁၉ နှစ်အရွယ်ကောင်လေး ညောင်ပင်စောက်သင်္ချိုင်းနားမှာ လက်နက်မှန်တာ သေတာ။ မနေ့က အဲဒီရပ်ကွက်တွေကိုစစ်တပ်ကမီးရှို့မယ်ဆိုလို့ ပြေးကြတာ” လို့ မုံရွာဒေသခံတစ်ဦးကပြောပြပါတယ်။
ပြီးခဲ့တဲ့ရက်တွေက မုံရွာမြို့အဝင်မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိတာကြောင့် အနီးနားကရပ်ကွက်တွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီလိုခြိမ်းခြောက်မှုတွေကြောင့် မြို့အဝင်ရပ်ကွက်တွေဖြစ်တဲ့ ညောင်ပင်စောက်၊ ရွှေကုန်း၊ သိင်္ဂီ၊ နတ်လူထိပ်ပန်စတဲ့ရပ်ကွက်တွေကဒေသခံ တစ်ထောင်ဝန်းကျင်ထွက်ပြေးကြရတယ်လို့ မုံရွာဒေသခံတွေဆီက သိရပါတယ်။
အဲဒီမြို့အဝင်မှာ ဒီကနေ့လည်းပစ်ခတ်မှုတွေဖြစ်နေပြီး ထိခိုက်မှုအခြေအနေမသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

