ရန်ကုန်-၂၀၂၃၊ဖေဖော်ဝါရီ-၁၅(မော်ကွန်း)
ရွှေထည်လက်ဝတ်ရတနာ၊အနုပညာပစ္စည်းမှာယူမှုအများဆုံးနိုင်ငံဖြစ်တဲ့ ကိုရီးယားနိုင်ငံဘက်က ပစ္စည်းမှာယူမှုရပ်နားထားဆဲဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကပြောပါတယ်။
ရွှေနဲ့ပြုလုပ်တဲ့ လက်ဝတ်ရတနာတွေ၊ ပြည်တွင်းကထွက်ရှိတဲ့ တန်ဖိုးနည်းကျောက်တွေကို လက်မှုပညာနဲ့ ပေါင်းစပ်ကာ လော့ကတ်၊လက်စွပ်၊နားကပ် စတဲ့လက်ဝတ်ရတနာအချောထည်တွေကို ဂျပန်၊ကိုရီးယား၊တရုတ်နဲ့၊ စင်ကာပူနိုင်ငံတွေကို တင်ပို့ရောင်းချနေတာပါ။ ဒီလိုရောင်းချရာမှာ ကိုရီးယားနိုင်ငံကမှာယူမှုအများဆုံး ဖြစ်ခဲ့တာပါ။
လက်ရှိမှာတော့ အရင်မှာယူခဲ့နိုင်ငံအချို့က လုပ်ငန်းရှင်တွေ ရွှေထည်ဝယ်ယူဖို့ လာရောက်ဆွေးနွေးတာမျိုးရှိပေမယ့် ကိုရီးယားနိုင်ငံကတော့ ဆွေးနွေးတာမရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
“၂၀၁၈-၂၀၁၉ လောက်ကနေစပြီး ရွှေထည်ပစ္စည်းတွေရော၊ရွှေအတုံးအခဲတွေပါ ပြည်ပတင်ပို့တာက ကိုဗစ်ကာလမှာ ခဏနားသွားတဲ့သဘောပါ။ အခုကအရင်ဝယ်တဲ့နိုင်ငံအချို့က ကုမ္ပဏီတွေကနေ ပြန်ဝယ်ယူဖို့ အသင်းနဲ့လာရောက် ဆွေးနွေးစုံစမ်းတာတွေရှိပါတယ်။ရွှေထည်လက်ဝတ်ရတနာ ဝယ်ယူတာအများဆုံးကတော့ ကိုရီးယားနိုင်ငံကပါ သူတို့ကတော့ အခုထိပြန်ဝယ်ဖို့လာဆွေးနွေးတာတော့မရှိသေးဘူး အဲ့ဒါကလဲ ကမ္ဘာ့ရွှေစျေးကွက်အခြေနေကိုစောင့်ကြည့်နေတာကြောင့်ထင်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူကပြောပါတယ်။
ရွှေဈေးကွက်မှာတရားမဝင်ကူးသန်းရောင်းဝယ်တာတွေပပျောက်ပြီး တရားဝင်ရွေဈေးကွက်ဖြစ်ပေါ်လာ ဖို့ရည်ရွယ်ချက်နဲ့ ၂၀၁၈ ဇန်နဝါရီလကစတင်ကာ ရွှေ၊လက်ဝတ်ရတနာ၊ရွှေဖြစ်ပြုလုပ်တဲ့ အနုပညာပစ္စည်း၊ အသုံးအဆောင် ပစ္စည်းတွေကို စည်းကမ်းချက်တွေနဲ့အညီ ပြည်ပကို တရားဝင် တင်ပို့၊ တင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
#Dailynews

