ပျူစောထီးများ လက်ချက်ဟု ဒေသခံများဆို
မြင်းခြံ – ၂၀၂၁ ဇူလိုင် ၂၇ (မော်ကွန်း)
မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဒီကနေ့ နံနက် ၁၁ နာရီဝန်းကျင်က ချစ်တီးထမင်းရောင်းတဲ့ဇနီးမောင်နှံနှစ်ယောက်ကို စစ်အုပ်စုလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေကပစ်သတ်လို့ နှစ်ယောက်စလုံး သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြင်းခြံ၊ ရွာစည်ရွာနဲ့ Denko ဆီဆိုင်ကြား လမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရတာ ဖြစ်ပြီး သေဆုံးသူတွေဟာ အမှတ်၁၆ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ဘုံဘေချစ်တီးထမင်းဆိုင်က ကိုစမီးတို့ ဇနီးမောင်နှံဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဘာကြောင့်ပစ်သွားတယ်လို့တော့အတိအကျမသိရဘူး။ နှစ်ယောက်စလုံးက လူငယ်တွေဆိုတော့ လိုင်းပေါ်မှာ အာဏာရှင်ဆန့်ကျင်တာတွေ
ရေးတာတော့ရှိတာပေါ့”ဟု မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။
မြင်းခြံက စစ်အုပ်စုလက်အောက်ခံ ပျူစောထီးအဖွဲ့တွေဟာ လက်နက်တွေနဲ့ ရပ်ထဲရွာထဲမှာကို ပစ်ခတ်ခြောက်လှန့်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မြင်းခြံမြို့နယ်က ပြည်သူ့တပ်ဖွဲ့တွေကလည်း ဒလန်သတင်းပေးနဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ရှင်းလင်းမှုတွေ ပြုလုပ်နေကြပါတယ်။
မြင်းခြံခရိုင် အတွင်းရှိတဲ့ Seven People Defense Force (SPDF) ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 21 PDF ၊ Natogyi PDF စတဲ့အဖွဲ့၄ဖွဲ့ကတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရန် နဲ့ မြေပြင်လှုပ်ရှားမှုများအား ပူးပေါင်းလုပ်ဆောင်ရန် ဘုံသဘောတူညီချက်များနဲ့ ယနေ့ ဇူလိုင် ၂၇ရက်နေ့မှာ ပူးပေါင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
#Dailynews

