ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၆ (မော်ကွန်း)
စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေဈေးကို နှုန်းရှင် (Float Rate) အဖြစ် သတ်မှတ်လိုက်တဲ့ ထုတ်ပြန်ချက်ကြောင့် ပြင်ပဒေါ်လာအရောင်းအဝယ်ဈေးကွက်မှာ လှုပ်ခတ်မှုရှိနေတယ်လို့ နိုင်ငံခြားငွေကြေးဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ဗဟိုဘဏ်အနေနဲ့ ငွေလဲလှယ်နှုန်းကို သတ်မှတ်ပေးတော့မှာမဟုတ်တော့ဘဲ နိုင်ငံခြားငွေကြေး အရောင်းအဝယ်ပြုလုပ်တဲ့ လိုင်စင်ရဘဏ်တွေ အရောင်းအဝယ်ပြုလုပ်ရာမှာ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်တယ်လို့ ယခုလ ၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာတာပါ။
ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနဲ့ ဝယ်ယူလိုသူတွေ တင်သွင်းတဲ့ ငွေလဲလှယ်နှုန်းအပေါ် မူတည်ပြီး လွတ်လပ်စွာ ဆောင်ရွက်နိုင်တယ်လို့ ဆိုထားပါတယ်။
အဲ့ဒီ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်ကြောင့် ဒေါ်လာဝယ်ရောင်း ဈေးကွက်အတွင်း ဒေါ်လာဝယ်ယူမှုလည်း မြင့်တက်လာတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အခုမှ ထုတ်ပြန်တာဆိုတော့ သိပ်မသိသာသေးဘူး။ အခုဒီနေ့မှာ ဈေးတောင်သိပ်မဖွင့်နိုင်ဘူး။ ဒေါ်လာဈေးက တက်မယ့်အရိပ်အယောင်ကို မြင်နေရတော့ လိုက်ဝယ်နေကြတယ်။ ဒီနေ့တော့ ဈေးကတော့ သိပ်မခုန်သေးပေမယ့်၊ မနက်ဖြန်အဖွင့်ဈေးမှာ တစ်ချက်ကြည့်ရမယ်” လို့ ၎င်းက မှတ်ချက်ပြုပါတယ်။
အဲ့ဒီ အပြောင်းအလဲကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့လည်း အရင်က ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းထားအတိုင်း လဲလှယ်နေရာကနေ ယခု ပြင်ပပေါက်ဈေးနဲ့ ပြန်ရောင်းနိုင်တော့မှာဖြစ်တယ်လို့ ပဲအမျိုးမျိုးတင်ပို့တဲ့ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
“ကျွန်တော်တို့ တစ်ခုစောင့်ကြည့်ရမှာ သွင်းကုန်တွေအတွက် ဒေါ်လာ လိုသလောက်ပမာဏကို သူတို့ ထုတ်ရောင်းပေးနိုင်လားဆိုတာပဲ။ အခုက ပို့ကုန်နည်းနေတာလေ။ သွင်းကုန်ကများတော့ ဒေါ်လာလိုအပ်ချက်က များလာမှာပေါ့။ အဲ့ဒီဈေးကွက်ကို စောင့်ကြည့်ရမှာပေါ့” လို့ ၎င်း ပို့ကုန်လုပ်ငန်းရှင်က ပြောပါတယ်။
နိုဝင်ဘာလကုန်ပိုင်းမှာ အမေရိကန်တစ်ဒေါ်လာကို ပြင်ပပေါက်ဈေး ၃,၄၀၀ ကျပ်ဝန်းကျင်မှာ ရှိနေရာကနေ ယခုလဆန်းပိုင်းကစပြီး တစ်ဒေါ်လာကို ၃,၅၀၀ ကျပ်ကျော်ထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
စစ်ကောင်စီဟာ ယခုနှစ်ဇူလိုင်လပိုင်းကလည်း ရွှေကုန်သည်တွေ၊ ဒေါ်လာဝယ်ရောင်းတွေနဲ့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေကို နိုင်ငံခြားငွေ တရားမဝင် အရောင်းအဝယ်ပြုလုပ်တယ်ဆိုပြီး ဖမ်းဆီးခဲ့သလို လိုင်စင်ရ ငွေလဲကောင်တာ ရာနဲ့ချီပြီး လိုင်စင်ရုတ်သိမ်းခဲ့ပါသေးတယ်။
ပုံစာ – ဒေါ်လာ ၁၀၀ တန်များ
ဓာတ်ပုံ – မော်ကွန်း

