“မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲခြင်း”

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Sidebar Interview ဖြစ်ပါသည်။

နန်းပန်းအိခမ်း

ညှိနှိုင်းရေးတာဝန်ခံ

မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲခြင်း ထောက်ခံ ဆွေးနွေးရေးအဖွဲ့ (မြန်မာ)
ကျော်ဇေယျ မေးသည်။

မော်ကွန်း။ ။ ၁၉၉၃ခုနှစ် ၊ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေပြင်ဆင်ချက်တစ်ခုကို ၂ဝ၁၈ ဖေဖော်ဝါရီ ၁၄ မှာ ပြင်ဆင်အတည်ပြုလိုက်တယ်။ ဆရာမတို့ လည်း ဒီဥပဒေ စတင်ပြင်ဖို့ ကြိုးစားတာကို ကြိုဆိုခဲ့ကြတယ်။ ဒါပေမဲ့လည်း ဒီပြင်ဆင်ချက်ဥပဒေဟာလည်း ပုဒ်မ ၁၆() မှာ ပြဋ္ဌာန်းချက်ကြောင့် အခုနောက်ပိုင်း လူ ၁ဝ ဦး မူးယစ်မှုနဲ့ ဖမ်းခံ ရရင် တစ်ဝက်လောက်နီးပါးက သုံးစွဲသူတွေကို ဆက်လက်အရေး ယူနေတာကို တွေ့ရတယ်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးကဏ္ဍမှာ ပိုမိုကောင်းမွန်တဲ့ အခင်းအကျင်းတွေနဲ့ ပြဿနာကို ပြေလည်စေဖို့ ဘယ်လို ကိုင်တွယ်သင့်ပါသလဲ။

နန်းပန်းအိခမ်း။ ။ အခု မူးယစ်ဆေးဝါးဥပဒေအသစ်ကလည်း ထွက်လာတယ်။ ပြင်ဆင်ထားတဲ့ ဥပဒေပေါ့။ ဒီဥပဒေမှာ အဓိက ပြင်ဆင်လိုက်တဲ့ တစ်ချက်ကတော့ မူးယစ်ဆေးဝါးသုံးစွဲသူဆိုလို့ ရှိရင် အရင်ဥပဒေလို ထောင်ဒဏ်အဖြစ် မပေးဘဲနဲ့ သူ့ကို ကုသမှု ခံယူစေမယ်၊ နောက်လူမှုရေးအရ ပြန်လည်ပြုစုပျိုးထောင်ပေး မယ်ပေါ့။ လူမှုအသိုင်းအဝိုင်းကို ပြန်လည် ဝင်ဆံဖို့ပေါ့။ အဲဒီလို လည်း ပါတယ်။

နောက်တစ်ခုကတော့ မူးယစ်ဆေးဝါး မူဝါဒအသစ်ပေါ့။ မူဝါဒအသစ်မှာကျတော့ သုံးစွဲသူများကို အ်္တရာယ်လျှော့ချရေး တို့၊ ဆန်္ဒအလျောက် ကုသမှုခံယူရေးတို့၊ နောက် (သုံးစွဲသူ)သူတို့ တွေကို ပြစ်မှုပြစ်ဒဏ်အရ ရာဇဝတ်မှုအဖြစ် မသတ်မှတ်ရေးပေါ့။ ဒီလိုအချက်တွေပါဝင်တယ်။

ဒါပေမဲ့လည်း တကယ်တမ်းမှာတော့ ဒီမူဝါဒ၊ ဒီဥပဒေတွေ ထွက်လာပြီး တစ်နှစ်ကျော် ကြာလာတဲ့အချိန်အတွင်းမှာ ကြည့် လိုက်ရင် မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ အဖမ်းခံနေရတုန်းပဲ၊ ရာဇဝတ်မှုအဖြစ် အပြစ်ပေးခံနေရတုန်းပဲ။

(ပြင်ဆင်လိုက်တဲ့ ဥပဒေအသစ်အရ) သုံးစွဲတဲ့သူတွေကို ဖမ်းဆီးအပြစ်ပေးတဲ့ ပုဒ်မက (ဥပဒေဟောင်းလို) မရှိတော့ပေ မယ့် တကယ်တော့ သူတို့လက်ထဲမှာ ဆေးဝါးတွေ့ရှိမှုတွေနဲ့ အဖမ်းခံကြရတယ်။ နောက်တစ်ခါ ရဲအမှုနဲ့ အဖမ်းခံနေကြရ တုန်းပဲ။

တကယ်တမ်းကျတော့ အပေါ်မှာ ပြုပြင်ပြောင်းလဲတယ်ဆို ပေမယ့် အောက်ခြေမှာ ဆက်ပြီးတော့ လှုပ်ရှားပုံ၊ လှုပ်ရှားနည်း၊ ဖမ်းဆီးပုံ၊ ဖမ်းဆီးနည်းတွေကတော့ (အရင်ဥပဒေအတိုင်း) အတူတူပါပဲ။ ၉၃ ဥပဒေလိုပဲ၊ အရင်ဥပဒေ အဟောင်းအတိုင်းပဲ ဖြစ်ပျက်နေကြတုန်းပဲ။

မော်ကွန်း။ ။ မူးယစ်ဗဟိုကနေ ၁၉၉၃ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေဆိုပြီး လွှတ်တော်ကို ပေးပို့လိုက်တယ်။ အဲဒီ မူလ ဥပဒေ ကြမ်းမှာ သတိထားမိတဲ့ တစ်ခုဆိုရင် အခုသုံးစွဲသူတွေကို အဓိက ဒုက်္ခပေးနေတဲ့ ပုဒ်မ ၁၆() ရဲ့ နောက်မှာ ခြွင်းချက် ဆိုပြီးတော့ တစ်ကိုယ်ရေသုံးစွဲရန် အလို့ငှာ လက်ဝယ်ထားရှိမှုဟာ ဒီပုဒ်မအရ အရေးယူအပြစ်ပေးမှုနဲ့ မသက်ဆိုင်စေရဆိုတဲ့ အဓိပ်္ပာယ်မျိုး ပြဋ္ဌာန်းချက်ပေါ့။ ဒါပေမဲ့ ဒီ ခြွင်းချက်ဟာ လွှတ်တော်မှာ ဖြုတ်ချ ခံရပြီး ဥပဒေအတည်ပြုတော့ မပါတော့ဘူး။ ဒီအချက် ပြုတ်သွား တဲ့အတွက် အခု မူးယစ်ဥပဒေ ပြုပြင်ပြောင်းလဲရေးဟာ အရင် အတိုင်းပဲ ဆက်လက် ပြဿနာတွေကို ရင်ဆိုင်နေရတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဒီလို ဘာကြောင့် ဖြစ်သွားရတယ် လို့ ထင်ပါသလဲ။

နန်းပန်းအိခမ်း။ ။ မှန်ပါတယ်။ ဥပဒေကြမ်းစတင်ထွက်လာတုန်းက အခုပြောတဲ့ ခြွင်းချက်ပါပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူဟာ သူ့ ရဲ့ တစ်ကိုယ်ရေသုံးစွဲမှု ပမာဏဖြစ်တဲ့ မူးယစ်ဆေးဝါးအနည်းငယ် လက်ဝယ်တွေ့ရှိရင် ဒီလူကိုလည်း ကုသရေးတို့၊ ပြန်လည်ပြုစုပျိုး ထောင်ရေးတို့ကို လွှဲပြောင်းပေးရမယ်ပေါ့။ ဒါပေမဲ့ ဥပဒေကို ဆွေးနွေးကြတဲ့အခါမှာတော့ ဥပဒေကြမ်းကော်မတီမှာပေါ့။ ဒီ အချက်ကို ဥပဒေပြုတဲ့သူတွေက သဘောမတူဘူး။

ဘာကြောင့်လဲဆိုတော့ တစ်ချက်က ပြည်သူလူထုတွေဟာ ဒီအပေါ်မှာ အထင်မှားနိုင်တယ်။ ဘာလို့လဲဆိုရင် မူးယစ်ဆေးဝါး သုံးစွဲမှုကို တရားဝင် ခွင့်ပြုလိုက်တယ်လို့ ထင်မှာစိုးတဲ့အတွက် ကြောင့်မို့ ဒီအချက်ကို ဥပဒေပြုသူတွေဟာ ဖြုတ်ချလိုက်တယ်လို့ ကျွန်မတို့ ပြန်သိရတယ်။

တကယ်တော့ ဒီပြဋ္ဌာန်းချက်ဟာ မူးယစ်ဆေးဝါးကို တရားဝင် သုံးစွဲခွင့် ပြုလိုက်တာမဟုတ်ဘူး။ မူးယစ်ဆေးဝါးသုံးစွဲ သူတွေဟာ အနည်းငယ်လေးတွေ့ရင်၊ တစ်မှုန်၊ နှစ်မှုန်လောက် တွေ့တယ်ဆိုရင် ဒီလိုလူတွေကို ရာဇဝတ်ပြစ်ဒဏ် မပေးဘဲနဲ့ ကုသမှု ခံယူခိုင်းပါလို့ ပြောတာပါ။ အခုတော့ ဒီအချက်ဟာ ပြင်ဆင်လိုက်တဲ့ ဥပဒေမှာ မပါလာတဲ့အတွက်ကြောင့်မို့ ၁၉၉၃ ဥပဒေကို ပြင်လိုက်ပေမယ့်လည်း လက်တွေ့မှာတော့ အသက် မဝင်သလိုဖြစ်သွားရတယ်။ ဒီလိုတော့ မြင်ပါတယ်။

မော်ကွန်း။ ။ မူးယစ်ဆေးဝါးမူဝါဒက ဖေဖော်ဝါရီ ၂ဝ မှာ ထွက် လာတယ်။ ပြင်ဆင်ချက်ဥပဒေကတော့ ၁၄ ရက်မှာ အတည် ဖြစ်ခဲ့တော့ မူဝါဒထက်နည်းနည်းစောပြီး အတည်ဖြစ်လာတာ ပေါ့။ မူဝါဒထဲမှာဆိုရင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးတွေ လုပ်ကြတဲ့အခါ လူ့အခွင့်အရေးအခြေခံရမယ်၊ ကျန်းမာရေး ဆိုင်ရာ ရှုထောင့်အမြင်နဲ့ လုပ်ကိုင်ကြရမယ်ဆိုတာမျိုး ပါပေမယ့် ဥပဒေမှာကျတော့ လူတစ်ဦးကို သံသယရှိရုံနဲ့ သတင်းပေးတိုင် ကြားနိုင်တယ်ဆိုတဲ့ဟာမျိုး ပြဋ္ဌာန်းထားတော့၊ ဥပမာကျွန် တော်ဆေးမသုံးပေမယ့် ကျွန်တော့်ကို ရပ်ကွက်ထဲမှာ အမြင် မကြည်တဲ့သူက ဒီလူ ဆေးသုံးနေတယ်၊ ဖမ်းဆီး စစ်ဆေးပေးပါလို့ သံသယနဲ့ သတင်းပေးရုံနဲ့ ကျွန်တော်ကို ရဲက လာခေါ်ခွင့်ရှိနေ သလို ပြဋ္ဌာန်းထားတယ်လေ။ ဒီလို ပြဋ္ဌာန်းချက်တွေဟာ ဘယ်လို ဖြစ်သင့်ပါသလဲ။

နန်းပန်းအိခမ်း။ ။ ဥပဒေထွက်လာကတည်းက သံသယရှိလို့ရှိရင် ဆိုတဲ့ အသုံးအနှုန်း ပါဝင်လာတယ်။ အဲဒီကတည်းက ကျွန်မတို့ မေးခွန်းတွေ အများကြီး ရှိခဲ့ပါတယ်။ ဥပမာ သံသယရှိတယ်ဆို တာကို ရဲတစ်ယောက်အနေနဲ့ ဘယ်လိုသုံးသပ်မှာလဲ၊ ဆုံးဖြတ် မှာလဲ၊ ကျွန်မတို့ အများကြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့လည်း အခု တစ်နှစ်ကျော်လာပေမယ့် ဒီလို ထောက်ပြဆွေးနွေးမှုတွေဟာ အသက်မဝင်သေးပါဘူး။ ဥပမာလူ့အခွင့်အရေးကော်မရှင်က စာရင်းကောက်ထားတဲ့ အချက် တွေကို ကြည့်မယ်ဆိုရင်လည်း အကျဉ်းထောင်တွေထဲမှာလည်း မူးယစ်ဆေးဝါးအမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ တစ်နှစ် ထက် တစ်နှစ် များလာတယ်။ တကယ်တမ်း ပြင်ဆင်လိုက်တဲ့ ဥပဒေဟာ မြေပြင်မှာအလုပ်မဖြစ်တဲ့အခါကျတော့ တကယ်လို့ များ ပြန်လည်ပြင်ဆင်ဖို့ကို သုံးသပ်မယ်ဆိုရင်တော့ ကောင်း တာပေါ့။

မော်ကွန်း။ ။ မူးယစ်ဆေးဝါးမူဝါဒဟာ ကောင်းမွန်တယ်၊ နိုင်ငံ တကာစံနှုန်းတွေနဲ့လည်း ညီညွတ်တယ်လို့ ချီးကျူးကြတာ ရှိပေ မယ့် ဥပဒေကတော့ ယခင်တုန်းကလိုပဲ အသုံးပြုမိသူတွေကို ရာဇဝတ်ပြစ်ဒဏ်နဲ့ နှိပ်ကွပ်မယ်ဆိုတဲ့ အယူအစွဲထဲမှာပဲ ရှိနေ သေးတယ်လို့ ပြောဆိုကြတာရှိပါတယ်။ အဲဒီတော့ အရှေ့မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ်္စတွေ ပိုမို အား ကောင်းလာစေဖို့ ဥပဒေတွေဟာ ဘယ်လိုမျိုး ဖြစ်သင့်သလဲ။ လက်ရှိဥပဒေကိုလည်း ဘယ်လို ပြုပြင်ပြောင်းလဲချင်သလဲ။ အကြံပြုချက် ပေးပါဦး။

နန်းပန်းအိခမ်း။ ။ လက်ရှိဥပဒေကတော့ သူ့ရဲ့ရည်ရွယ်ချက်က ကောင်းတယ်။ ဒီဥပဒေကို ပြင်ဆင်လိုက်တုန်းက သူ့ရည်ရွယ် ချက်က မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ လူငယ်လူရွယ်တွေကို ထောင်တွေထဲကို အများကြီး မပို့ချင်ဘူး။ ဒါဟာ ထောင် လူဦးရေ ကို လျှော့ချရာလည်း ရောက်တယ်။ နောက်တစ်ခုက သူတို့ရဲ့ ဘဝ မှာလည်း ကုသမှုဘက်ကို ခံယူတဲ့အခါ အများကြီး အကျိုးရှိနိုင် တယ်။ တကယ်လို့သာ ဒီဥပဒေကို ဒီထက်ပိုကောင်းအောင်လုပ်နိုင်လို့ရှိရင် လုပ်သင့်တာကတော့ အသေးစား မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူတွေကို ထောင်တွေထဲကို မပို့သင့်ပါဘူး။ ထောင်ဒဏ် ပြစ်ဒဏ်မချသင့်ဘူး။ ဒီလိုပုဒ်မတွေကိုတော့ ပြင် ဆင်သင့်တယ်။

မဟုတ်ဘဲနဲ့ လက်ဝယ်မှာ (သူ့တစ်ကိုယ်ရေ သုံးစွဲရန် အလို့ ငှာ) တွေ့ရှိသူကို ဖမ်းနေသေးတယ်ဆိုရင်တော့ ကုသမှုစခန်း တွေ ဘယ်လောက်ပဲ ဖွင့်ထား၊ ဖွင့်ထား။ ထောင်တွေထဲကိုပဲ ဒီလူ တွေဟာ ရောက်နေကြဦးမှာပဲ။ ဖွင့်ထားတဲ့ ကုသမှု စခန်းတွေက လည်း ဗလာချည်းပဲ ဖြစ်နေဦးမှာပဲ။

အဓိကကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို တကယ် ကူညီချင်တယ်ဆိုရင်တော့ ဒီ ပုဒ်မ ၁၆()ကိုတော့ ပြန်လည် စဉ်းစား သုံးသပ်သင့်တယ် ထင်ပါတယ်။ ကျန်တဲ့ပုဒ်မတွေကို ပြင်တာ၊ မပြင်တာထက် ၁၆()မှာ မူလပါဝင်လာပြီး ဖြုတ်ချခံခဲ့ ရတဲ့ အချက်ကိုတော့ ပြန်လည်စဉ်းစားသင့်ကြတယ်လို့ ထင်တယ်။

မော်ကွန်း။ ။ ဆေးသုံးသူတစ်ဦးဟာ သုံးစွဲရန်အလို့ငှာ ပမာဏ အနည်းငယ်ကို လက်ဝယ်ထားမိတယ်ဆိုရင် အခုဥပဒေ ပုဒ်မ ၁၆()အရ သူ့ကို ထောင်ဒဏ် အနည်းဆုံး ငါးနှစ်ကနေ အများ ဆုံး ၁ဝ နှစ် ချမှတ်ရမယ်လို့ သတ်မှတ်ထားတာပေါ့လေ။ တစ်ကိုယ်ရေသုံးစွဲဖို့ ပမာဏတစ်ခုကို သတ်မှတ်ပေးထားပြီး အဲဒီ ပမာဏနဲ့ ဖမ်းဆီးမိတဲ့သူတွေကို ပုဒ်မ ၁၅ အရ သတ်မှတ်ထားတဲ့ ဆေးကုသမှုခံယူတာ၊ ပြန်လည် ထူထောင်တာတွေ၊ လူမှုရေးပြစ် ဒဏ်ချမှတ်တာတွေလုပ်ပေါ့၊ သတ်မှတ်ပမာဏနဲ့ ပိုလာရင်တော့ ရောင်းဝယ်ဖောက်ကားရန်အလို့ငှာသတ်မှတ်ပြီး ရာဇဝတ် ပြစ်ဒဏ်ချမှတ်တာမျိုးလုပ်ပေါ့။ ဒီလိုလားဗျ။

နန်းပန်းအိခမ်း။ ။ ဟုတ်ပါတယ်။ တကယ်လို့ ဥပဒေကို ပြန်လည် ပြင်ဆင်မယ်ဆိုရင်တော့ မူးယစ်ဆေးဝါးသုံးစွဲသူ တစ်ယောက် ဟာ တစ်နေ့ကို ဘယ်လောက်သုံးစွဲနိုင်ကြတယ်။ ဒီလိုသုံးစွဲနိုင်တဲ့ တစ်ကိုယ်ရေသုံးပမာဏကို ဥပဒေအရ သတ်မှတ်သင့်တယ်။ ဒီလိုတကိုယ်ရည်သုံး ပမာဏကို မသတ်မှတ်နိုင်ရင်တော့ ဒီလိုပဲ ခံနေကြရဦးမှာပဲ။ ဖြစ်နေကြဦးမှာပဲ။ မူးယစ်ဆေး နည်းနည်းလေး နဲ့ မိရင် ပုဒ်မ ၁၆()အရ ငါးနှစ်ကနေ ၁ဝ နှစ်ကျမယ်။ များသွား တယ်ဆိုရင်တော့ ပုဒ်မ ၁၉ နဲ့ စွဲမှာပေါ့။

မော်ကွန်း။ ။ ဥပဒေပြုကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရော ဘာများပြောချင်သလဲ။ ဒီကဏ္ဍနဲ့ ပတ်သက်ရင် သူတို့ ဘယ် လို နားလည်သဘောပေါက်ဖို့ လိုတယ်လို့ ထင်သလဲ။

နန်းပန်းအိခမ်း။ ။ ဥပဒေပြုတဲ့ အမတ်တွေကိုတော့ အဓိကက တော့ မူးယစ်ဆေးဝါးပြဿနာကို ခံစားနေကြရတဲ့သူတွေ၊ မူး ယစ်ဆေးဝါး သုံးစွဲမိကြတဲ့သူတွေရဲ့ အသံကိုလည်း သေချာနား ထောင်သင့်တယ်။ ကျွန်မတို့နိုင်ငံမှာက တကယ်တမ်း ပြည်သူ လူထုတွေကကျတော့ ဒီမူးယစ်ဆေးဝါးဟာ မကောင်းဘူး၊ မူး ယစ်ဆေးဝါးအ်္တရာယ် တအားဆိုးတယ်ဆိုတဲ့ သတင်းတွေကို နှစ်ပေါင်း ၁ဝ စုနှစ်နဲ့ချီပြီး ကြားလာတဲ့အခါကျတော့ ပြည်သူ တွေရဲ့ အမြင်ဟာ ဒီအပေါ်မှာ မပွင့်လင်းဘူး။

တကယ်တမ်းက မူးယစ်ဆေးဝါးပြဿနာကို ဘယ်လိုရင် ဆိုင် ဖြေရှင်းရမယ်ဆိုတာ သူတို့က သိမနေဘူး။ ဒါပေမဲ့လည်း ဥပဒေပြုနေကြသူတွေကတော့ ဒီထက်ပိုပြီး အမြင်ကျယ်ကျယ် ထားသင့်တယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကိုလည်း ကိုယ့်ရဲ့ မိသားစုဝင်တွေလိုမျိုး စဉ်းစားပြီး၊ သားသမီးလို စဉ်းစားပြီး သူတို့ အတွက် ဘယ်ဟာက အကောင်းဆုံးဖြစ်မယ် ဆိုတာမျိုးတွေကို စဉ်းစားသင့်တယ်။ ဒါမှသာ တကယ်ထိရောက်တဲ့၊ တကယ် အကူအညီပေးနိုင်တဲ့ ဥပဒေတွေ၊ မူဝါဒတွေ ဖြစ်လာမှာပေါ့။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."