မုံရွာ-၂၀၂၃ စက်တင်ဘာ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ အမှတ် ၂ တပ်မတော်ဆေးရုံက ဗိုလ်ကြီး အောင်ဖြိုးသိန်း နေအိမ်ပြန်ရောက်လာစဉ် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Black Falcon Guerrilla Forces က အခုလ ၄ ရက် မနက်ပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
မြို့ပြထောက်လှမ်းရေးရဲဘော်တွေရဲ့ သတင်းပေးပို့မှု အတိအကျရထားတာဖြစ်လို့ သူ့ကို ဝင်ရောက်ထိန်းသိမ်းနိုင်ခဲ့တာလို့ သူကဆိုပါတယ်။
“ အခုမုံရွာမြို့တွင်းမှာ လုံခြုံရေးတွေအတင်းချထားတော့ ကျွန်တော်တို့ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့မရဘူး။ အဲ့တော့ ကြိုတင်လေ့ကျင့်မှု တစ်ပတ်လောက်ပြင်ဆင်ထားပြီးမှ သူ့ကို ဝင်ရောက်ထိန်းသိမ်းခဲ့တာပေါ့။ လွယ်လွယ်ကူကူတော့ မရှိခဲ့ပါဘူးဗျ” လို့ သူကပြောပြပါတယ်။
အဲဒီဗိုလ်ကြီးအောင်ဖြိုးသိန်းကို မြို့ပြပြောက်ကျားအဖွဲ့က မုံရွာမြို့လယ်ရပ်ကွက်တစ်ခုဖြစ်တဲ့ အောင်မင်္ဂလာရပ်ကွက်က သူ့နေအိမ်မှာပဲဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ဝင်ရောက်ဖမ်းဆီးစဉ်မှာ ဗိုလ်ကြီးအောင်ဖြိုးသိန်းက နေရာမှာတင်ပစ်သတ်ခိုင်းပေမယ့် ဥပဒေအတိုင်းပဲဆောင်ရွက်မှာလို့ပြောပြီး ခေါ်ဆောင်လာခဲ့တာလို့ Black Falcon Guerrilla Forces ကတာဝန်ရှိသူက ပြန်ပြောပြပါတယ်။
သူ့ကို ဖမ်းဆီးပြီးနောက် ရိုက်နှက်နှိပ်စက်စစ်ဆေးတာမျိုးမလုပ်ခဲ့ဘူးလို့ ပြောက်ကျားအဖွဲ့က ဆိုပါတယ်။
ဖမ်းဆီးပြီး နှစ်ရက်အကြာမှာတော့ မြို့နယ်ပကဖ အဖွဲ့ကိုလွှဲပြောင်းပေးလိုက်ပြီး ပကဖကနေတစ်ဆင့် NUG ဝန်ကြီးဌာနကို လွှဲပြောင်းပေးလိုက်တယ်လို့သိရကြောင်း ပြောက်ကျားအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ဒီဖြစ်စဉ်ဟာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ ဘယ်နေရာမှာမှ လုံခြုံမှုမရှိကြောင်းကို မီးမောင်းထိုးပြတာဖြစ်တယ်လို့ Black Falcon Guerrilla Forces မြို့ပြပြောက်ကျားအဖွဲ့က ဆိုပါတယ်။
“စစ်ကောင်စီဝန်ထမ်းတွေကို ကျွန်တော်တို့သတိပေးချင်တာကတော့ စစ်ကောင်စီနဲ့ပဲ လက်တွဲပြီးအလုပ်လုပ်နေမယ်၊ ဒီကောင်တွေအောက်မှာပဲ နောက်ထပ်ဆက်လက်ပြီးရှိနေဦးမယ်ဆိုရင်တော့ သူတို့ဘယ်နေရာမှာပဲနေနေ ဘယ်နေရာမှာပဲပုန်းပုန်း နေရာတိုင်းဟာ သူတို့အတွက် လုံခြုံမှု မရှိဘူးဆိုတဲ့အကြောင်းကိုလည်း ကျွန်တော်တို့ကပြောချင်တဲ့သဘောမျိုးပါ” လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က မုံရွာမြို့အဝင်အထွက်လမ်းတွေအားလုံးကို လုံခြုံရေးအပြည့်နဲ့ ပိတ်ထားပေမယ့် ပြောက်ကြားရဲဘော်တွေ အထိအခိုက်မရှိဆုတ်ခွာနိုင်တဲ့အပြင် ဗိုလ်ကြီးနဲ့အတူ အိမ်စီးကားတစ်စီး၊ လက်ကိုင်ဖုန်းနှစ်လုံးနဲ့ လပ်တော့တစ်လုံးတို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ Black Falcon Guerrilla Forces အဖွဲ့က ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ-ပြောက်ကျားအဖွဲ့က ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးအောင်ဖြိုးသိန်းနဲ့ သိမ်းဆည်းရမိတဲ့ပစ္စည်းများ
ဓာတ်ပုံ-Black Falcon Guerrilla Forces
#Dailynews

