ကော်သူးလေ – ၂၀၂၄ ဩဂုတ် ၁၁ (မော်ကွန်း)
ပြီးခဲ့တဲ့လက အဆက်မပြတ်မိုးရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ကော်သူးလေနယ်မြေမှာ မိုးစပါးတွေ ရေနစ်မြှုပ်ခဲ့ပြီး ရေပြန်ကျချိန်မှာ စပါးထပ်စိုက်ရလို့ စိုက်စရိတ်တွေ နှစ်ခါကုန်ကျသွားပါတယ်။
မုန်တိုင်းအရှိန်နဲ့ မုတ်သုံလေတွေ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ အားကောင်းလာတာကြောင့် မိုးတွေဟာ သီတင်းနှစ်ပတ်လောက် အဆက်မပြတ်ရွာသွန်းနေခဲ့ပြီး မြန်မာပြည်တောင်ပိုင်းတခွင်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာပါ။
ကော်သူးလေဒေသထဲက မြေအနိမ့်ပိုင်း၊ မြစ်ချောင်းတွေနဲ့နီးစပ်တဲ့ဒေသတွေမှာတော့ စိုက်ပျိုးထားခါစ မိုးစပါးပျိုးပင်တွေ ရေနစ်မြုပ်ကုန်ပါတယ်။
“ ကုန်တာကတော့ တော်တော်ကုန်တယ်။ ခုစပါးပျိုးပင်လေးတွေ ရေမြှုပ်တာကြာတော့ သုံးလို့မရတော့ဘူး။ နွားစာဘဲဖြစ်တော့တယ်။ ပျိုးပင်အသစ်တွေထပ်ဝယ်ရတယ်”လို့ ကေအဲန်ယူ၊ တပ်မဟာ ၆ ဒေသထဲက လယ်သမား၊ စောဘိုးကထိန်ကပြောပါတယ်။
လက်ရှိမှာ စပါးပျိုးပင် တစ်တင်းကို ၅၀,၀၀၀ ကျပ်နဲ့ဝယ်ယူရပြီးနေ့စားအငှားစိုက်သူတွေ တစ်ဦးကို တစ်ရက် ၂၀,၀၀၀ ကျပ်ပေးရပါတယ်။
ရေမကြီးခင်နဲ့ ရေကြီးပြီး ကာလနှစ်ခုအကြား မြန်မာကျပ်ငွေတွေ ပိုပြီးတန်ဖိုးကျသွားတာကြောင့် အခုလိုထပ်ပြီးစိုက်ချိန်မှာ ကုန်ကျငွေဟာ ပိုများတယ်လို့ လယ်သမားတွေဆီကသိရပါတယ်။
လက်ရှိမှာ ထိုင်းဘတ်ငွေ ၁,၀၀၀ ကို မြန်မာကျပ် ၁၅၀,၀၀၀ ကျော်ထိ ငွေကြေးဖောင်းပွနေပြီး တပ်မဟာ ၆ ၊ ကော့ကရိတ်မြို့နယ်ထဲမှာ ကြက်ဥတစ်လုံးကို ၅၀၀ ကျပ်ဖြစ်နေပါတယ်။
ကုန်ဈေးနှုန်းမြင့်လာတဲ့အချိန် ထပ်မံစိုက်ပျိုးရပေမယ့် မိုးရွာဖို့ကျန်သေးတာကြောင့် အခုလို နောက်တစ်ခါ ရေထပ်ကြီးလာမှာကိုလယ်သမားတွေ စိုးရိမ်နေကြတာကိုလည်း တွေ့ရပါတယ်။
ကော်သူးလေ ဒေသထဲက လယ်သမားအများစုဟာ စီးပွားရေးအတွက် စိုက်ကြတာထက် မိသားစု တစ်နှစ်စာ ဝမ်းစာအတွက်စိုက်ကြတာများပါတယ်။
စစ်ဖြစ်နေတဲ့ ဒေသတွေမှာဆိုရင် စစ်ရှောင်နေရင်း စပါးကို အရဲစွန့်ပြန်စိုက်ကြသလို စပါးစိုက်ရင်းလည်း အာဏာသိမ်းစစ်တပ်ဘက်ကပစ်တဲ့ လက်နက်ကြီးကျည်တွေဟာ လယ်ကွင်းတွေထဲကို ကျတတ်ပါတယ်။
ကေအဲန်ယူကတော့ ဒီ ရေကြီးရေလျှံမှုဟာ ကော်သူးလေနယ်မြေထဲက မူးမြို့နယ်မှာ ကျေးရွာကိုးရွာ၊ လယ်ဒိုမြို့နယ်မှာ ၄၁ ရွာ၊ ဆောထိမြို့နယ်မှာ ၃၂ ရွာနဲ့ ကျန်ဒေသတွေမှာတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်း၊အင်တာနက်လိုင်းအခက်အခဲတွေကြောင့် စာရင်းအတိအကျ ကောက်ယူဖို့ အခက်အခဲရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – ကော်သူးလေ လယ်ယာတွေမှာ ရေကြီးအပြီး စပါးပြန်စိုက်နေကြစဉ်
ဓါတ်ပုံ – Mawkun Magazine
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

