မိုးကုတ် – ၂၀၂၄ ဇူလိုင် ၆ (မော်ကွန်း)
မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်း ဘော်လုံးကြီးကျေးရွာထဲ မနေ့၊ နေ့ခင်းပိုင်းက ဗုံးကျတာကြောင့် နေအိမ်အတွင်းက ပြည်သူနှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း၊ ဘော်လုံးကြီးကျေးရွာ ရွာလယ်ထဲကနေအိမ်ပေါ် ဗုံးကျတာကြောင့် မီးဖိုထဲမှာ ထမင်းစားနေတဲ့ မောင်နှမနှစ်ဦး သေဆုံးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
” ရွာလယ်အိမ်ထဲဗုံးကျတာ၊တိုက်ပွဲ ဖြစ်တာမရှိဘူး၊ ရုတ်တရက်ကြီးအိမ်ပေါ်ဗုံးကျတာ၊ လက်နက်ကြီးကျတာမဟုတ်ဘူး၊ဒရုန်းနဲ့ ဗုံးကြဲတယ်လို့ပြောကြတယ် ” လို့သူကပြောပါတယ်။
သေဆုံးသူတွေဟာ ဘော်လုံးကြီးကျေးရွာနေ အသက် ၆၀ ကျော် ဦးမောင်မောင်နဲ့ အသက်၅၀ ဝန်းကျင် ဒေါ်ယာအိတို့ဖြစ်ပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းကို TNLA တပ်က ဇွန် ၃၀ ရက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့ပြင်စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ဂွေးပင်စစ်တပ်စခန်းမှာတော့ စစ်သားတွေရှိနေပြီး မြို့ထဲကိုလက်နက်ကြီးလှမ်းပစ်ခတ်တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။
မိုးကုတ်မြို့မှာ ဇွန် ၂၅ရက်ကနေ ဇွန်၃၀ရက်အတွင်း ပြည်သူ ၁၀ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ပုံစာ – ဘော်လုံးကြီးရွာမြင်ကွင်း
ဓါတ်ပုံ – Mawkun Magazine

