ရန်ကုန် – ၂၀၂၅ ဇွန် ၃ (မော်ကွန်း)
စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ကျေးရွာတွေကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသခံတချို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကစပြီး အင်အားထောင်ချီတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ရွှေမြို့နယ် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ရေပူကျေးရွာနဲ့ ဘုရားတောင်ကျေးရွာကို စစ်ကြောင်းထိုးခဲ့တာပါ။
စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်တွေပါတဲ့ ၎င်းစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပေမယ့် အင်အားမမျှတာကြောင့် ဒေသကာကွယ်ရေးတပ်တွေက ၎င်းကျေးရွာတွေကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။
၎င်းစစ်ကြောင်းဟာ လက်နက်ကြီးအလုံး ၁၀၀ ကျော်ပစ်ခတ်ကာ ထိုးစစ်ဆင်လာပြီး ဘုရားတောင်နဲ့ ရေပူရွာတွေက ပြည်သူပိုင်နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(IPDF) က ထုတ်ပြန်ပါတယ်။
လက်ရှိမှာ ၎င်းကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေရာနဲ့ချီပြီးတော့ စစ်ဘေးရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း စစ်ကောင်စီတပ်ဟာ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ကျေးရွာတွေကို ပြန်ရဖို့ အင်အား ၆၀၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့ပေမယ့် တော်လှန်ရေးတပ်တွေနဲ့ ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အခုက အရင်လကထက် အင်အားနှစ်ဆသုံးပြီးဝင်လာတယ်။ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်တာတွေတော့ရှိတယ် မြေပြင်မှာတော့ ထိပ်တိုက်တိုက်ပွဲတွေတော့ မဖြစ်သေးဘူး” လို့ ၎င်းကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး ကရင်နီဒေသနဲ့ ရှမ်းတောင်ပိုင်းဒေသတွေဖြစ်တဲ့ မိုးဗြဲ၊ ဖယ်ခုံ၊ ညောင်ရွှေမြို့နယ်တွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်ရရှိဖို့ ကြိုးပမ်းလာတာပါ။
ပုံစာ – ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

