ကနီ – ၂၀၂၃ ဧပြီ ၁၉ (မော်ကွန်း)
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်က တာဝါတိုင်စခန်းကုန်း စခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ဦးကျဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒဏ်ရာရရဲဘော်တွေကို ကူညီစောင့်ရှောက်ပေးသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
ဒဏ်ရာရ ရဲဘော် ၁၂ ဦးမှာ ခုနစ်ဦးက ပြင်းထန်ပြီး တစ်ဦးဟာ မျက်လုံးကျွတ်ထွက်သွားကာ တစ်ဦးကတော့ လက်တစ်ဘက်ပြတ်သွားတယ်လို့ အထက်ပါ သတင်းရင်းမြစ်ကပြောပါတယ်။
“ရဲဘော်အားလုံးဆေးကုသမှုခံယူနေတယ်၊ တစ်ယောက်ကတော့ အသက်လုနေရတယ်၊ ရှင်ရင်တော့ အောက်ပိုင်းမလှုပ်နိုင်လောက်ဘူး”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
ကနီတာဝါတိုင်ကုန်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ငယ် ၁၅ လက်နဲ့ ၆၀ မမ လက်နက်ကြီးတစ်လက်အပါအဝင် ခဲယမ်း၊ စစ်သုံးပစ္စည်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရယူနိုင်ခဲ့ပါတယ်။
ဒီတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)က တိုက်ခိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးမှုကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
#Dailynews

