ဆိပ်ဖြူ − ၂၀၂၃ မေ ၂၃ (မော်ကွန်း)
မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် ဆိပ်ဖြူမြို့နယ်၊ မြောက်ရွာမရွာက ကွမ်းခြံတွေရေဖုံးလွှမ်းပျက်စီးပြီး ကွမ်းပင်တွေပြန်စိုက်ဖို့ အရင်းနှီးအခက်ခဲတွေကိုကြုံနေရတယ်လို့ မြောက်ရွာမရွာက ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ မေလ ၁၂ရက်ကစတင်ကာ မိုးရွာသွန်းတာကြောင့် တောင်ကျချောင်းနဲ့ယောချောင်းမှာရေလျှံပြီး ချောင်းနံဘေးက မြောက်ရွာမရွာထဲကိုရေဝင်ခဲ့ကာ ကွမ်းခြံတွေ ရေလွှမ်းပျက်စီးခဲ့တာလို့ သူကပြောပါတယ်။
” ရေထဲအကုန်ပါသွားတာ၊ တစ်ရွာလုံးရဲ့ကွမ်းခြံတွေပါသွားတာ၊ ချောင်းကနှစ်ချောင်းညှပ်ပြီးပါသွားတာ၊ ချောင်းချောက်နဲ့ ယောချောင်းနဲ့၊ ချောင်းချောက်ဆိုတာက မိုးရွာမှတောင်ကျရေစီးတဲ့ချောင်း၊ ရေစီးအရမ်းသန်တာ”လို့ ဒေသခံအမျိုးသမီးကပြောပါတယ်။
မြောက်ရွာမရွာက အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိပြီး အိမ်တိုင်းမှာကွမ်းခြံစိုက်ပျိုးကြကာ ကွမ်း၊ကြက်သွန်နဲ့စပါးတွေကိုအဓ်ိကစီးပွားဖြစ်စိုက်ပျိုးကြတာလို့ သူကပြောပါတယ်။
ကွမ်းခြံတစ်ခြံမှာ အနည်းဆုံး အလေးချိန်ပိဿာ ၅၀ ကနေ ၈၀ အထိ ရပြီး ကွမ်းတစ်ပိဿာကို ငွေကျပ် ၁၅,၀၀၀ ထိ ရေမတက်ခင်တုံးကစျေးကောင်းရခဲ့တယ်လို့ သူကပြောပါတယ်။
“ဆက်စိုက်လို့မရသေးဘူး၊ ရွှံ့တွေကဒူးအထိကျွံတယ်လေ၊ ခြောက်အောင်နေရအုံးမှာ၊ စိုက်ဖို့လည်းမလွယ်သေးဘူး၊ အရင်းအနှီးကလည်းမရှိသေးဘူး၊ ကြက်သွန်တွေလည်း အိမ်ထဲတင်ထားတာ ရေထဲပါကုန်ပြီ”လို့ ဒေသခံအမျိုးသမီးကပြောပါတယ်။
မြောက်ရွာမရွာကရွာသားတွေက ကွမ်းခြံ၊ ကြက်သွန်တွေကို စိုက်ပျိုးရောင်းချပြီးမှီခိုစားသောက်နေရတာကြောင့် ကွမ်းခြံကော ကြက်သွန်တွေပါရေထဲပါပျက်စီးသွားတာကြောင့်အရင်းနှီးတွေခက်ခဲနေတယ်လို့ပြောပါတယ်။
စားရေးသောက်ရေးအတွက် ကျန်ရှိတာတွေစားနေရပြီး ရွံ့တွေခြောက်သွားရင်တောင် အရင်းအနှီးမရှိတာကြောင့် ခက်ခဲနေဦးမယ်လို့ ဒေသခံတွေကပြောပါတယ်။
မ်ိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် မြောက်ရွာမရွာက ကွမ်းခြံ၊ စပါးခင်း၊ ကြက်သွန်နဲ့ ဆိတ်တွေ ရေလွှမ်းခံရကာ ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ပုံ−မြောက်ရွာမရွာက ပျက်စီးသွားတဲ့ ကွမ်းခြံနဲ့စိုက်ပျိုးခင်းများ။
ဓါတ်ပုံ − Supplied
#Dailynews

