ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁၃ (မော်ကွန်း)
စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းမှာ မန္တလေး-မတ္တရာ ကားလမ်းဘေးက ရွာတချို့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မန္တလေး-မတ္တရာ ကားလမ်းအနီး မတ္တရာမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ ကျောက်တံတားနဲ့ ငါးလုံးပြွန်ရွာတွေကို မနေ့ကမနက်ပိုင်းအပါအဝင် နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ မတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။
တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ မန္တလေး-မတ္တရာ ပြည်ထောင်စုလမ်းကိုလည်း ဒီလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒီလမ်းပိုင်းက ရွာတချို့ကို ထိန်းချုပ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ဒီမနက်ပိုင်းမှာလည်း မတ္တရာမြို့အရှေ့ခြမ်းက ရွာတွေကို Y-12 ထောက်ပို့လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ မတ္တရာဒေသခံက ပြောပါတယ်။
“မနက် ရှစ်နာရီလောက်ထဲက Y-12 နှစ်စီး နဲ့ ခေါက်တုံ့ခေါက်ပြန်ပဲ ကြဲသွားတယ်။ မန္တလေး တံတားဦးကတက်လာတဲ့ လေယာဉ်တွေပါ” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒီလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းထဲက တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ စဉ့်ကူး-သပိတ်ကျဉ်း၊ မတ္တရာ-စဉ့်ကူး၊ မန္တလေး-မတ္တရာ ကားလမ်းတွေကို ပြန်ပွင့်ဖို့အတွက် မြေပြင်ရော လေကြောင်းထိုးစစ်တွေပါ ပြုလုပ်လာတာပါ။
မန္တလေးမြို့ရဲ့ ၁၀ မိုင်အကွာခန့်မှာရှိတဲ့ ထန်းပင်ကုန်းရွာ၊ မြကံသာရွာနဲ့ သရက်ကိုင်းရွာတို့က စစ်ကောင်စီတပ်စခန်းတွေကို PDF တပ်တွေနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဇူလိုင်လ တတိယအပတ်မှာ တိုက်ခိုက်သိမ်းယူခဲ့ပြီး ဒီလဆန်းပိုင်းမှာတော့ စစ်ကောင်စီထိုးစစ်ကြောင့် တော်လှန်ရေးတပ်တွေဟာ ဒီရွာတွေကို ပြန်လက်လွှတ်ခဲ့ရပါတယ်။
ဒါ့အပြင် မန္တလေး-မတ္တရာ ပြည်ထောင်စုလမ်းရဲ့ အတွင်းပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့ ရွာတွေကိုလည်း စစ်ကောင်စီတပ်ဟာ ပျူစောထီးတပ်တွေ အများအပြားပါဝင်တဲ့စစ်ကြောင်းတွေ ပို့လွှတ်နေတယ်လို့ ၎င်းဒေသခံ စစ်လေ့လာသူတချို့က ပြောပါတယ်။
မတ္တရာမြို့ပေါ်ကနေလည်း ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတယ်လို့ မတ္တရာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဧရာဝတီမြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်း နှစ်ခုလုံးကို လှမ်းပစ်နေတာ၊ ဝက်လက်ဘက်ကမ်းကိုရော မတ္တရာအရှေ့ခြမ်းကိုရော နေ့တိုင်းလိုလို လက်နက်ကြီးပစ်တယ်။ တိုက်ပွဲတွေက နေရာတော်တော်များများဖြစ်နေတယ်လို့ ပြောလို့ရတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ သပိတ်ကျဉ်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေ ရဲကင်းစခန်းတွေ ရွာတွေကို ပြီးခဲ့နှစ်လယ်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အဖြစ် တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီး နယ်မြေစိုးမိုးထားတာပါ။
စစ်ကောင်စီတပ်ဟာ သူတို့လက်လွှတ်လိုက်ရတဲ့ မြို့တွေကို ပြီးခဲ့တဲ့လပိုင်းတွေမှာ အင်အားသုံး ထိုးစစ်ဆင်နေပြီး ရွေးကောက်ပွဲ အချိန်မီကျင်းပဖို့အတွက် အခုလို ထိုးစစ်ဆင်နေတာလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ပုံစာ – မန္တလေးတိုင်းမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – MDY-PDF

