မန္တလေး – ၂၀၂၁ စက်တင်ဘာ ၁၃ (မော်ကွန်း)
မန္တလေးနန်းမြို့ကျုံးရဲ့ အရှေ့ဘက် နန်းရှေ့နဲ့ အနောက်ပြင်က အာဏာသိမ်းစစ်ကောင်စီ ရဲစခန်းတွေမှာ ဒီကနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ တပြိုင်တည်း ဖြစ်ခဲ့ပြီး ရဲနဲ့စစ်သားတွေ ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၁၃ ရက် မနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က နန်းရှေ့၁၉လမ်း သံလမ်းနားစစ်ဆေးရေးဂိတ် လက်ပစ်ဗုံးနဲ့ အထုခံခဲ့ရပြီး စစ်သား၊ရဲ၊ယာဥ်ထိန်းနဲ့ ဆယ်အိမ်မှုး လေးဦးထက်မနည်း ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဆယ်အိမ်မှုးတစ်ယောက်သေပြီး ယာဥ်ထိန်းတစ်ယောက်လည်း ခြေထောက်ထိသွားတယ်လို့ကြားတယ်။ သူတို့ဘက်ကတော်တော်ထိသွားတယ်”လို့ နန်းရှေ့ဒေသခံတစ်ဦးက ပြောပါတယ်။
တကယ်သေဆုံးခြင်း ရှိမရှိကိုတော့ အတည်ပြုလို့မရသေးပါဘူး။
အလားတူ တချိန်တည်းမှာပဲ နန်းမြို့ကျုံးရဲ့ အနောက်ဘက် ၁၉လမ်း လမ်း ၉၀ အနီးက ရဲစခန်းကိုလည်း လက်ပစ်ဗုံးနဲ့ ပစ်သွားခဲ့ပြီးစစ်သားနဲ့ ရဲသုံးယောက်နဲ့ စျေးသည်တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အနောက်ပြင်မှာတော့ လူနာတင်ယဉ်တွေ လေးစီးနဲ့လာသယ်သွားတယ်။ လမ်းတွေလည်းပိတ်ထားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေဟာ ပစ်ခတ်ခဲ့လို့ သေနတ်သံတွေ ဆူညံသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီပေါက်ကွဲမှုတွေကြောင့် မန္တလေးမြို့တွင်းစစ်ဆေးရေးတွေ တင်းကြပ်နေပါတယ်။
#Dailynews

