ရန်ကုန် – ၂၀၂၄ ဇူလိုင် ၅ (မော်ကွန်း)
မန္တလေး-မိုးကုတ်နဲ့ မန္တလေး-ရွှေဘို ကားလမ်းတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး အဆိုပါလမ်းပိုင်းတွေကို အခုရက်ပိုင်းအတွင်း ပိတ်ထားရတယ်လို့ အဲဒီဒေသခံတချို့က ပြောပါတယ်။
မန္တလေးမြို့ကနေ ရွှေဘိုကို တက်တဲ့ရွှေဘို-ကျောက်မြောင်း-စဉ့်ကူး-လက်ပံလှ ကားလမ်းပေါ်မှာ မနေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာပါ။
အဲဒီကားလမ်းပေါ်က စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရဲစခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး စဉ့်ကူးမြို့ကို ထိန်းချုပ်ဖို့ ကျန်ရှိတဲ့စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ပြင် စဉ့်ကူးမြို့နယ်ထဲက လက်ပံလှကျေးရွာမှာလည်း မနေ့ကညနေပိုင်းထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မန္တလေးကနေ မိုးကုတ်တက်တဲ့ ကားလမ်းပေါ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး အဲဒီလမ်းပိုင်းကလည်း ယခုလကုန်ပိုင်းစပြီး ပြတ်တောက်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မန္တလေး-မိုးကုတ်လမ်းပေါ်က ချောင်းကြီး၊ နွယ်ရုံ၊ နတ်တောင် အစရှိတဲ့ ရွာတွေက ရဲစခန်းတွေ စစ်ဆေးရေးဂိတ်တွေကိုလည်း ယခုလကုန်ကစပြီး မန္တလေး PDF တပ်တွေက တိုက်ခိုက်သိမ်းယူထားပြီး အဲဒီလမ်းပိုင်းကိုလည်း နှစ်ဖက်လုံးက ဖြတ်တောက်ထားတယ်လို့ ရွှေဘိုဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက ရွှေဘိုကနေ မန္တလေးဆင်းရင် ဒီဘက် ရွှေဘို-စစ်ကိုင်းလမ်းက ပြန်ပတ်ရတာပေါ့။ အဓိက ပြတ်တောက်သွားတာ ရွှေဘို-မန္တလေးလမ်းနဲ့ ရွှေဘိုကနေ မိုးကုတ်ဘက် တက်တဲ့လမ်းတွေ အသုံးပြုလို့မရတော့ဘူး။ အဲဒီလမ်းပိုင်းမှာရှိတဲ့ ကရွာတွေ မြို့တွေကို အသွားအလာ ပြတ်တောက်ကုန်တော့ တချို့မိသားစုဝင်တွေလည်း စိုးရိမ်တာတွေ ရှိပါတယ်” လို့ ၎င်း ရွှေဘိုဒေသခံက ပြောပါတယ်။
အဲဒီလမ်းပိုင်းတွေမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ကားလမ်းကို အသုံးပြုလို့မရပေမယ့် လတ်တလောမှာတော့ ကျေးရွာချင်းဆက်လမ်းတွေနဲ့ ဧရာဝတီမြစ်ကြောင်းကို အသုံးပြုကာ သွားလာနေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“အဲဒီဘက်က ဧရာဝတီမြစ်နဲ့ ချောင်းလက်တက်တွေပေါတော့ အဲဒီလမ်းတွေက ပတ်ပြီးသွားလို့ ရတယ်။ တိုက်ပွဲက ဆက်ဖြစ်နိုင်သေးတော့ ဒေသခံတွေ အဲဒီလိုပဲ သွားလာပြီး စစ်ရှောင်နေတာရှိတယ်ဗျ။ ကားလမ်းကတော့ ဖြတ်လို့မရဘူး။ မိုင်းတွေလည်းရှိတယ်၊ လမ်းတွေလည်း ပိတ်ဆို့ထားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လ နောက်ဆုံးပတ်မှာ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲအဖြစ် TNLA နဲ့ မန္တလေး PDF တပ်ဖွဲ့တွေဟာ ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲတို့အပြင် မန္တလေးတိုင်းထဲက မတ္တရာ၊ မိုးကုတ် စတဲ့မြို့တွေမှာ စစ်ကောင်စီတပ်တွေကို စတင်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ စဉ့်ကူး အစရှိတဲ့ မြို့နယ်တွေထိ ကူးစက်လာပြီး အဲဒီဒေသက ကျေးရွာတွေရဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဆက်တိုက်ဆိုသလို တိုက်ခိုက်လာတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မန္တလေးတိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ကတော့ မိုးကုတ်မြို့ရဲ့ အနောက်ပိုင်းကို PDF တပ်တွေ ထိန်းချုပ်ထားနိုင်ပြီး မိုးကုတ်မြို့ရဲ့ အမြင့်ဆုံးနေရာမှာ PDF အလံတော်ကို လွှင့်ထူထားတယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ပုံစာ – စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) တပ်ဖွဲ့ဝင်တွေ သိမ်းယူထားတဲ့မြင်ကွင်း
ဓာတ်ပုံ – MDY PDF

