စစ်တွေ- ၂၀၂၄ သြဂုတ်၂၇ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ထဲက မင်းဒြားချိတ်ရွာဟောင်းကို ဝင်စီးပြီး ရွာသား ၁၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်ပေမယ့် သုံးဦးကို ဆက်လက်ဖမ်းချုပ်ထားတယ်လို့ ဒေသခံတချို့က ဒီနေ့ ပြောပါတယ်။
အဲဒီ ၁၆ ဦးကတော့ စစ်တွေမြို့၊ ဆတ်ရိုးကျတံတားအနီးရှိ မင်းဒြားချိတ်ရွာဟောင်းမှ ကိုဌေးဌေး၊ ထွန်းထွန်းနိုင်၊ မစန္ဒာဝင်း၊ မောင်ချေ၊ မောင်ခြောက်ချေ၊ ကိုသိန်းမင်းဌေး၊ သန်းဇော်ဌေး၊ ဆန်းမောင်လှ၊မဝင်းဝင်းဇော် ၊သားကြီး၊ နေမင်းထွန်း၊ သန်းဇော်ဦး၊ဦးကျော်ချေ၊ညီပုချေဆိုသူနှင့် မောင်သားပုချေတို့ သားဖနှစ်ဦးဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
သူတို့ကို သြဂုတ် ၂၁ ရက်၊ ည ၁၂ နာရီလောက်မှာ စစ်ကောင်စီရဲ့ ရဲနဲ့စစ်သားတွေက ရွာကိုဝင်စီးနင်းပြီး ဖမ်းဆီးသွားခဲ့ကြတာလို့ ဒေသခံတချို့က ပြောပါတယ်။
” ရွာသားတွေ အိပ်နေတဲ့အချိန် ရုတ်တရက် ရောက်ချလာပြီး ရွာကိုဝိုင်းထားပါတယ်။ ပြီးတော့ မှတ်ပုံတင်တွေစစ်ဆေးပြီးတော့ ဖမ်းသွားတာပါ။ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်းမပြောဘဲ အကုန်လျှောက်စစ်ပြီးဖမ်းသွားတာ” လို့ အဖမ်းခံရသူတချို့နဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေထဲက ၁၃ ဦးကို မနေ့တုန်းက ပြန်လွှတ်ပေးလိုက်ပေမယ့် မဌေးဌေး၊ ကိုမောင်ခြောက်ချေနဲ့ ကိုနေမင်းထွန်းတို့ကိုတော့ စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။
” အကုန်လုံးကို အမှတ်(၁) ရဲစခန်းမှာ ဖမ်းထားတာ။ အဲဒီအထဲက ၁၃ ဦးကတော့ မိသားစုတွေက အာမခံကြေးငွေတွေပေးပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုလို့ လွှတ်လိုက်တာလို့သိရတယ်။ လူတစ်ဦးအတွက် ဘယ်လောက်ပေးခဲ့ရသလဲဆိုတာတော့ အတိအကျမသိဘူး။ ကျန်သုံးယောက်ကတော့ အချုပ်ထဲမှာ ရှိနေဆဲပါ။ စစ်ဆေးလို့ မပြီးသေးဘူးဆိုပြီး ဖမ်းထားလိုက်တာလို့ သိရတယ်” လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ANP) တပ်သားတချို့ဟာ စစ်တွေမြို့၊ ဆတ်ရိုးကျတံတားအနီးမှာရှိတဲ့ ဗျိုင်းဖြူကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်ကာ လူသတ်၊ ဖမ်းဆီးတာတွေ လုပ်ခဲ့ပါသေးတယ်။
အဲဒီဗျိုင်းဖြူရွာဖြစ်စဉ်ကြောင့် ရွာသား ၇၆ ဦး သေဆုံးခဲ့ရပြီး ၃၀၀ ဖမ်းဆီးခံခဲ့ရတယ်လို့ အာရက္ခတပ်တော်(AA) က သတင်းထုတ် ပြန်ခဲ့ပါတယ်။ အဖမ်းခံရသူတွေထဲက တချို့ကို ငွေကြေးရယူပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် အများစုကို AA နဲ့ ဆက်သွယ်တယ်လို့စွပ်စွဲပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့် ထားသလို ဒီအမှုကိုလိုက်ပေးမယ့် ရှေ့နေလည်းမရှိတဲ့ အဖြစ်နဲ့ ရွာသားတွေ ကြုံနေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
စစ်တွေမြို့နယ်ပတ်လည်က မြို့နယ်အားလုံးလောက်ကို AA က လက်ရှိမှာ ထိန်းချုပ်သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီကလည်း အကြီးအကျယ်ခံစစ်ပြင်ဆင်ထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မြို့တွင်းမှာ စစ်ကောင်စီတပ်တွေ၊ ALP တပ်တွေနဲ့ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်တွေဟာ နေရာယူထားသလို စစ်တွေကမ်းနားလမ်းတစ်လျှောက်လုံးကို သံဆူးကြိုးအကာအရံတွေပါ တပ်ဆင်ထားတယ်လို့ ပြောကြပါတယ်။
စစ်တွေကနေ AA သိမ်းထားတဲ့ မောင်တော၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ မင်းပြားစတဲ့ မြို့နယ်တွေဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ပုံစာ- စစ်တွေမြို့ တစ်နေရာ။
ဓါတ်ပုံ- Arakan Bays

