ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၂ (မော်ကွန်း)
မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပေမယ့် နောက်ထပ်တိုက်ခိုက်ရေးရေယာဉ်နှစ်စီးပါ သင်္ဘောအုပ်စုဟာ ထပ်မံပြီး မြစ်ကြောင်းအတိုင်းဆန်တက်လာတယ်လို့ ရေကြောင်းစောင့်ကြည့်ရေး ကင်းထောက်အဖွဲ့တချို့ကပြောပါတယ်။
ပြီးခဲ့တဲ့ငါးရက်က မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စဉ့်ကူးနဲ့ သပိတ်ကျဉ်းနယ်တွေကို ရောက်ရှိစဉ်မှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
မန္တလေး PDF တွေဟာ စစ်သင်္ဘောငါးစီးနဲ့ ထောက်ပို့ရေးပစ္စည်းတွေသယ်ဆောင်လာတဲ့ သင်္ဘောအုပ်စုကို မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျဉ်းမြို့နယ်တစ်လျှောက် မြစ်ကြောင်းအတိုင်း ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ပါတယ်။
၎င်းတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီသင်္ဘောအုပ်စုထဲက တွဲသင်္ဘောတစ်စီး နစ်မြုပ်သွားပြီး စစ်သင်္ဘောတစ်စီးနဲ့ တွန်းသင်္ဘောနှစ်စီးလည်း မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။
ဒီနေ့မှာတော့ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ နောက်ထပ်စစ်သင်္ဘောနှစ်စီးနဲ့ တွဲသင်္ဘောတွေအပါအဝင် သင်္ဘောခြောက်စီး ထပ်မံဆန်တက်လာနေတယ်လို့ ဒေသတွင်းကင်းထောက်အဖွဲ့တွေက ဖော်ပြပါတယ်။
လက်ရှိ သပိတ်ကျဉ်းနယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ သင်္ဘောအုပ်စုကတော့ သပိတ်ကျဉ်းနယ်ကိုကျော်လွန်လာပြီး တကောင်းနယ်ဘက်ကို ဆက်လက်ဆန်တက်သွားတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့ ရေပြင်-Yay Pyin က ဒီနေ့မွန်းလွဲပိုင်းမှာ အသိပေးထားပါတယ်။
၎င်းသင်္ဘောအုပ်စု ဆန်တက်သွားလမ်းတစ်လျှောက်မှာလည်း မြစ်ကမ်းပါးက ရွာတွေကို လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကို ရှောင်နေကြရပါတယ်။
မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ပြီးခဲ့တဲ့ငါးရက်ကထွက်လာတဲ့ ဒီစစ်သင်္ဘောအုပ်စုဟာ တန်ချိန် ၁,၅၀၀ လောက်တင်နိုင်တဲ့ ရိက္ခာတင်ယာဉ်တွေနဲ့ ကမ်းထိုးတိုက်ခိုက်ရေးယာဉ်တွေအပါအဝင် ၂၇ စီး ခန့် ပါဝင်တာပါ။
ဒါ့အပြင် ၎င်းစစ်သင်္ဘောအုပ်စုကို ATR နဲ့ Y-12 အမျိုးအစား လေယာဉ်နှစ်စီးက အစောင့်အရှောက်အဖြစ် လိုက်ပါပျံသန်းနေပြီး အကာအကွယ်ပေးထားတာပါ။
ဒီစစ်ရေယာဉ်အုပ်စုဟာ ကချင်ပြည်နယ် ဗန်းမော်မြို့ကတိုက်ပွဲအတွက် စစ်ကူနဲ့ လက်နက်ခဲယမ်းထောက်ပံ့ဖို့ လုပ်ဆောင်လာတာပါ။
ဧရာဝတီမြစ်အတိုင်း သင်္ဘောနဲ့သွားလာနိုင်တဲ့ မြောက်ဘက်အစွန်ဆုံးမြို့ ဗန်းမော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်တပ်တွေ လပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဟာ ဒီမြို့ကိုခုခံဖို့ ရေကြောင်းကနေ စစ်ကူပို့လွှတ်လာတာဖြစ်ပါတယ်။
ပုံစာ – ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘော
ဓါတ်ပုံ – Wetlet Information Network

