ပုလဲ-၂၀၂၄ နိုဝင်ဘာ ၁၃(မော်ကွန်း)
သုံးရက်နီးပါးတိုက်ခိုက်ပြီးနောက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်(BNRA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဒီနေ့ ညနေ ၄း၃၀ အချိန်မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။
ဒီလ ၁၁ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မှာ ပုလဲမြို့ပေါ်က စစ်ကောင်စီစခန်းအားလုံးကို ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း သုံ့ပန်းတွေဖမ်းမိတာရှိသလို တချို့ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့လည်း ရှေ့တန်းရဲဘော်တချို့က ပြောပါတယ်။
ဒီနေ့တစ်ရက်ထဲမှာတင် ပုလဲမြို့မကျရေး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ် ၂၀ ကျော်အသုံးပြုခုခံပေမယ့် အဆုံးမှာ တော်လှန်ရေးအင်အားစုတွေထံ မြို့ကို လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
” အခြေနေက ရဲစခန်းလည်းသိမ်းနိုင်ပြီ။
ခုလောလောဆယ် မီးငြှိမ်းတာတွေ ရှင်းလင်းတာတွေလုပ်နေတယ်။ သုံ့ပန်း ၄၀ ဝန်းကျင် မိထားတယ်။ ငါးကောင်က အရာရှိတွေဖြစ်တယ်။ ထွက်ပြေးတာတွေရှိတယ် ။လေယာဥ် သတင်းပေးတဲ့ ဖိုးပြားနဲ့သူ့မိန်းမ ဝါဝါထွန်း၊ ယောက်ဖဖြစ်သူ အပါအဝင် သုံးယောက်ကို ဖမ်းမိထားတယ်” လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ ကျားသစ်နက်တပ်ရင်းနဲ့ နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်တစ်ဦး ကမော်ကွန်းကိုပြောပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံး ထိခိုက်တာတွေ ရှိပေမယ့် ဒီညနေ ၆း၀၀ နာရီအထိ ရှင်းလင်းရေးလုပ်နေတဲ့အတွက် အတိအကျမသိရသေးဘူးလို့ သူက ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တဲ့ BNRA အပါအဝင် အခြားမဟာမိတ်တပ်တွေရဲ့ တိုက်ပွဲသတင်းထုတ်ပြန်တာ မရှိသေးပေမယ့် မြို့ကို သိမ်းနိုင်ပြီလို့ ဒီနေ့ညပိုင်းမှာ ရဲဘော်တချို့က ပြောပါတယ်။
ပုလဲမြို့ကို သိမ်းနိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်ရတဲ့အတွက်
ပုလဲမြို့၊ အလယ်ဘုံ၊ အေးကုန်း၊ သာယာကုန်း၊ ချောင်းကန်၊ ကံကြီး ၊ ညောင်ကန် ၊ ညောင်ကုန်း၊ မကျီးခွ၊ ဇောင်ချမ်းကုန်း ၊မြကုန်းရိုး စတဲ့ ကျေးရွာတွေက အရပ်သားတွေ စစ်ရှောင်နေရဆဲလို့ တော်လှန်ရေး အင်အားစုတချို့ကပြောပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲမှာ အရပ်သားတွေ သေဆုံးခဲ့ရသလို တော်လှန်ရေး အင်အားစုတွေဘက်က ရဲဘော်တ ချို့ကျဆုံးထိခိုက်တာတွေရှိပေမယ့် မော်ကွန်းက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပုံစာ- စစ်ကိုင်းတိုင်းက ပုလဲမြို့။
ဓါတ်ပုံ- google

