နတ်တလင်း – ၂၀၂၁ အောက်တိုဘာ ၁၉ (မော်ကွန်း)
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်အကျဉ်းထောင်မှာ အကျဉ်းချခံနေရတဲ့ နတ်တလင်းမြို့က ကိုးဦးကို အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ပြန်လွှတ်ပေးပြီးနောက် နှစ်ဦးကို ရဲတွေက ချက်ချင်းပြန်လာဖမ်းသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ဒီနေ့က စုစုပေါင်း ကိုးဦးလွတ်တာ၊ ၅၀၅ နဲ့ ဖမ်းခံထားရတဲ့သူတွေ လွှတ်ပေးတာဆိုတော့ လွတ်လာတယ်။ လွတ်လာပြီးအပြင်ရောက်လို့မိသားစုတွေနဲ့တွေ့ပြီး လွတ်ပြီပြောပြီးမှ ရဲတွေက ပြန်လာဖမ်းသွားတယ် “လို့ သတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။
ပြန်လည်ဖမ်းဆီးခံရသူတွေကတော့ ကိုအောင်ဝင်းထွန်းခေါ် ကိုဘဲဥနဲ့ ကိုဝင်းမင်းသန်းတို့ဖြစ်ပါတယ်။
ပေါင်းတည်အကျဥ်းထောင်ကနေ လွှတ်ပေးပြီးအပြင်ရောက်လို့ မိသားစုတွေနဲ့ တွေ့ဆုံကာ လက်ဖက်ရည်ဆိုင်ထိုင်နေချိန်မှာ ရဲတွေက ပြန်လည်လာဖမ်းသွားတာဖြစ်တယ်လို့ သူကဆိုပါတယ်။
ကိုအောင်ဝင်းထွန်းဟာ သဘာဝပတ်ဝန်းကျင်ဥပဒေ ပုဒ်မ ၂၅ ၊ ပုဒ်မ ၅၀၅ (က) ၊ ကိုဝင်းမင်းသန်းကတော့ လက်နက်ဥပဒေ ၁၉ (စ) ၊ ပုဒ်မ ၅၀၅ (က) တို့နဲ့ တပ်ကာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး ပြန်လွတ်လာခဲ့ကာ ချက်ချင်းပြန်လည်ဖမ်းဆီးခဲ့တာပါ။
” လက်ထိပ်တွေဘာတွေဖြုတ်ပြီး အပြင်ကိုပို့ပြီးမှ ရဲတပ်ဖွဲ့က ထောင်အချုပ်ထဲကို ပြန်ဖမ်းသွားတယ်။ခုက ၅၀၅ က ကိုလွှတ်တယ်ဆိုရင် အကုန်လွှတ် ဘာလို့အပြင်မှာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးပြီးမှ ဘာလို့ ရဲတပ်ဖွဲ့က ပြန်ခေါ်သွားတာလဲ။ အဲဒါက တအားရုပ်ဆိုးတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိသားစုဝင်တွေအနေနဲ့လည်း ပြန်လွတ်လာမည်ဖြစ်ကြောင်း ရဲစခန်းက ဖုန်းဆက်တာကြောင့် လာကြိုတဲ့အချိန်မှာ လွှတ်ပေးပြီး အိမ်ပြန်ခေါ်တဲ့လမ်းကြောင်းပေါ်မှာပဲ ရဲက တဖန်ပြန်လာဖမ်းတာဖြစ်လို့ စိတ်ထိခိုက်ရတယ်လို့သတင်းရင်းမြစ်က ဆိုပါတယ်။
#Dailynews

