ရန်ကုန် – ၂၀၂၅ မတ် ၁၁ (မော်ကွန်း)
နိုင်ငံအတွင်း ပြန်လည်ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပြည်ပကို ပြန်လည်ထွက်ခွါဖို့ ခွင့်ပြုချက်တင်ကာ လျှောက်ထားရမယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ဒီနေ့မှာထုတ်ပြန်လာပါတယ်။
Passport for Job (PJ) နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်ခွာမယ့်သူများကို အသိပေးခြင်းဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ဒီနေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ခဲ့တာပါ။
ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ကိုင်ဆောင်ထားပြီး အေဂျင်စီအစီအစဉ်အရဖြစ်စေ၊ မိမိအစီအစဉ်အရဖြစ်စေ ပြည်တွင်းကို ပြန်လည်ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေ ပြည်ပနိုင်ငံကို ပြန်လည်သွားရောက်မယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနကို လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ Online ကနေ တစ်ဆင့်လျှောက်ထားပြီး ခွင့်ပြုချက်ရယူရမယ်လို့ ၎င်းထုတ်ပြန်ချက်ကဆိုပါတယ်။
ဒီကြေညာချက်အရ ပြည်ပရောက်နိုင်ငံသားတွေ ပြည်တွင်းကိုခွင့်ပြန်လာပြီး ပြန်လည်ထွက်ခွါဖို့လုပ်ဆောင်ရတဲ့အဆင့်တွေပိုများလာကာ ပိုပြီးစိစစ်လာတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်း လုပ်ကိုင်တချို့က သုံးသပ်ပါတယ်။
“အခုထုတ်ပြန်ချက်အရ နားလည်တာကတော့ OWIC ကျပြီးရင်လည်း သီးသန့်ထပ်တင်ရဦးမယ်။ ဒီလိုလျှောက်ပြီးတော့မှ ပြည်ပထွက်ခွာခွင့်ဆိုတဲ့ စာရွက်ထပ်ထုတ်ပေးမယ်။ အဲဒီစာရွက်ရမှ လေယာဉ်လက်မှတ်ဝယ်လို့ရမယ်။ လေဆိပ်မှာ ဒီစာရွက်ပါမှပဲ ထွက်ခွာခွင့်ပေးတော့မှာပေါ့နော်” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လက်ရှိထုတ်ပြန်ချက်ကြောင့် ပြည်ပမှာ PJ နိုင်ငံကူးလက်မှတ်နဲ့ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ ပြည်တွင်းကို ပြန်ရာမှာ ခက်ခဲနိုင်ပြီး မဖြစ်မနေလိုအပ်မှပဲ ပြန်ကြဖို့ ပြည်ပအလုပ်လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
“ လုံးဝမဖြစ်မနေ ပြန်ကိုပြန်ရမယ်ဆိုတဲ့အခြေအနေဆိုရင်တော့ ပြန်ပေါ့။ ဖြစ်နိုင်ရင်တော့လုံးဝမပြန်ပါနဲ့အုံး။ ခွင့်အနေနဲ့ ခဏပြန်တယ်ဆိုပြီး ပြန်ထွက်မရဖြစ်မှာ အချိန်အကြာကြီးစောင့်နေရတာတွေ၊ ငွေကုန်ကြေးကျပိုများပြီး နစ်နာတာတွေ ဖြစ်နိုင်တယ်” လို့ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့လ ၁၈ ရက်တုန်း ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းခဲ့ပြီး အခုလ ၂၀ ရက်ကစပြီး ပြန်ထုတ်ပေးသွားမယ်လို့လည်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို OWIC ကတ်ပြန်ထုတ်ပေးရာမှာလည်း စောင့်ဆိုင်းနေတဲ့ အလုပ်သမားတွေ များပြားနေပြီး စစ်ကောင်စီဘက်ကလည်း ပိုပြီးတင်းတင်းကျပ်ကျပ် စစ်ဆေးလာဖွယ်ရှိတယ်လို့ ပြည်ပကိုထွက်ခွာဖို့ စောင့်ဆိုင်းနေသူတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းကစပြီးတော့ ပြည်ပထွက်အလုပ်ကိုင်မယ့်သူတွေ လိုအပ်တဲ့ OWIC ကတ်တွေကို အသက် ၁၈ နှစ်ကနေ ၃၅ ကြားလူငယ်တွေကို ထုတ်မပေးတော့ဘဲ လက်ရှိအချိန်ထိ ဆက်လက်ကန့်သတ်ထားသလို ဒီအသက်အပိုင်းအခြားအရွယ်တွေ ပြည်ပထွက်ခွင့်တွေကိုလည်း ကန့်သတ်ထားတာပါ။
ပုံစာ – ပြည်ပထွက်ခွာခွင့်အတွက် စောင့်ဆိုင်းနေတဲ့ လူငယ်တချို့
ဓါတ်ပုံ – စစ်ကောင်စီသတင်းစာ

