ရန်ကုန်တက္ကသိုလ်မှာ သမိုင်း ဘာသာရပ် လေ့လာနေတဲ့ ဂုဏ်ထူးတန်းနောက်ဆုံးနှစ်ကျောင်းသား ကိုနိုင်အောင် က အုပ်ချုပ်သူလူတန်းစား အဆက်ဆက် ဟာ ဝါဒဖြန့်ချိရေးလုပ်ဖို့ ကျောင်းသုံး ဖတ်စာအုပ်တွေကို ကြားခံအဖြစ်သုံးနေ တာကို သိသိသာသာ မြင်နေရတယ်လို့ ဆိုပါတယ်။
ကိုနိုင်အောင်ဟာ Mr. History ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ YouTube Channel တို့ကနေ တစ်ဆင့် မြန် မာ့သမိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို အများပြည်သူလက်လှမ်းမီအောင် အစီ အစဉ်တစ်ခုအနေနဲ့ မျှဝေပေးနေသူလည်း ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်း ထားတဲ့ အခြေခံပညာအဆင့် မြန်မာ့ သမိုင်း သင်ရိုးညွှန်းတမ်းတွေမှာ ပင်လုံစာ ချုပ်ကိုချုပ်ဆိုတာဟာ ဗိုလ်ချုပ်အောင် ဆန်းခေါင်းဆောင်မှုကြောင့်လို့သာ ဖော် ပြထားပြီး အမှန်တကယ် သမိုင်းဖြစ်စဉ် အရ လူမျိုးစုအားလုံးဟာ ဘယ်သူကမှ ပိုမသာတဲ့ တန်းတူ ရည်တူအခြေအနေမှာ ဆွေးနွေးခဲ့ပြီးမှပင်လုံစာချုပ်မှာ လက် မှတ်ထိုးတယ်ဆိုတာကိုတော့ မတွေ့ရဘူး လို့ သူက ဆိုပါတယ်။

”လွတ်လပ်ရေးကြိုးပမ်းတာ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း မဟုတ်ဘူးလေ။ ဒါပေမဲ့ ဖတ်စာအုပ်မှာ ပြောတဲ့ပုံစံက ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ လွတ်လပ်ရေးကို ရရှိခဲ့သည်လို့ပဲ ဖော်ပြထားတဲ့အခါကျ တော့ ပင်လုံရဲ့အနှစ်သာရ ပျောက်သွား တယ်” လို့ သူက ပြောပါတယ်။
နောက်ပြီး ပုဂံခေတ်ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ရှမ်းညီနောင်သုံးဦး၊ မွန်-မြန်မာ နှစ်လေးဆယ်စစ်ပွဲအကြောင်း၊ ရခိုင်ရဲ့ သမိုင်းကြောင်းဖြစ်တဲ့ ဓညဝတီ၊ ဝေသာလီ၊ လောင်းကျယ်၊ မြောက်ဦးစတဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေ ကို သမိုင်းဖတ်စာအုပ်တွေမှာ ချန်လှပ် ထားခဲ့တာ၊ အရင်ကတည်းက မြန်မာမင်း တွေရဲ့အောက်မှာ တိုင်းရင်းသားအားလုံး ဟာ တစ်စုတစ်စည်းတည်း ရှိခဲ့တယ်လို့ပဲ ဖော်ပြထားတာတွေဟာ ပညာရပ်ဆိုင်ရာ အမြင်အရ မရိုးသားဘူးလို့ သူက ပြောပါတယ်။
”ဒီအကျိုးဆက်တွေကြောင့်ပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်တာ၊ ဗိုလ်ချုပ် အောင်ဆန်းရုပ်တုကို လက်မခံနိုင်တာ၊ လက်နက်စွဲကိုင်တော်လှန်ကြတာ၊ စစ် ဘေးဒုက္ခ ဖြစ်နေတာတွေကို တချို့လူတွေ က နားမလည်နိုင်တော့ဘူး။ နားမလည် တော့ ကိုယ်ချင်းစာစိတ်လည်း မရှိတော့ ဘူး”လို့ သူက သုံးသပ်ပါတယ်။
တိုင်းပြည်ရဲ့သမိုင်းကြောင်းတွေ ကို တစ်ဖက်သတ် အသားပေး ဖော်ပြတာ ဟာ မြန်မာနိုင်ငံမှာမှ မဟုတ်ဘဲ အမေ ရိကန်နိုင်ငံရဲ့ သမိုင်းတွေကို လေ့လာတဲ့ အခါမှာလည်း အနည်းနဲ့အများ တွေ့ရ တယ်လို့ ၎င်းကဆိုပါတယ်။
၁၄၉၂ မှာ အမေရိကတိုက်ကို ကိုလံဘတ်စ်ရှာတွေ့ခဲ့ပြီးနောက် ဥရောပ သားတွေဟာ အမေရိကကို နယ်မြေချဲ့ ထွင်လာခဲ့ပါတယ်။ အဲဒီအခါမှာ မူရင်း နေထိုင်သူ အင်ဒီးယန်းတွေနဲ့ ရွှေ့ပြောင်း ရောက်ရှိလာသူတွေဟာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာ အင်ဒီးယန်း အများအပြား သတ်ဖြတ်ခံခဲ့ရပါတယ်။
နောက်ပိုင်းမှာ ရွှေ့ပြောင်းရောက်ရှိ လာသူ ဥရောပသားတွေဟာ နယ်မြေစိုး မိုးနိုင်ခဲ့ပြီး ကိုလိုနီခေတ်တစ်လျှောက် လုံးမှာ အင်ဒီးယန်းတွေဟာ ဖိနှိပ်ခံခဲ့ရ ပါတယ်။ ဒါပေမဲ့ အမေရိကန်တွေ ရေးတဲ့ သမိုင်းမှာတော့ ဒီမိုကရေစီခေတ်မှာ တန်းတူညီမျှထားတယ်လို့ပဲ ဖော်ပြထား ပြီး ကနဦးလုပ်ရပ်တွေဟာ မှေးမှိန်နေ တယ်လို့ ကိုနိုင်အောင်က ဆိုပါတယ်။
”အမေရိကန်တွေဆိုရင်လည်း အင်ဒီးယန်းတွေကို ဘယ်လိုအခွင့်အရေး ပေးခဲ့တယ်ဆိုတာ တွင်တွင်ပြောတယ်။ ရှေ့မှာ ဘယ်လိုသတ်ခဲ့တယ်ဆိုတာကိုကျ ထည့်မပြောဘူး။ ဒါပေမဲ့ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေက အားကောင်းပြီး ကျောင်းသားက သူ့ဘာသာ ဆင်ခြင်သုံး သပ်နိုင်တဲ့အတွက် သိပ်ပြဿနာ မရှိဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ ပညာရေးကို ဗဟိုချုပ်ကိုင်မှုကျင့်သုံးပြီး လွတ်လပ်တဲ့ ပညာရေးအဖွဲ့အစည်းတွေက အားနည်း သေးတာကြောင့် ကျောင်းသုံးဖတ်စာအုပ် တွေဟာ ”ပါးပါးလေးပေမယ့် အဖျက်စွမ်း အား ကြီးတယ်” လို့ ကိုနိုင်အောင်က မှတ်ချက်ပြုပါတယ်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ နယ်မှ အလယ်တန်းပြကျောင်းဆရာ ဆရာစောကျော်မြင့်ဆိုရင် မြန်မာ့သမိုင်း သင်ခန်းစာပို့ချရတဲ့အခါ ပြဋ္ဌာန်းစာအုပ်ပါ ဖော်ပြချက်က ရခိုင်လူမျိုးတွေအတွက် မလုံလောက်တာကြောင့် ရခိုင်လူမျိုးတွေ ရင်းနှီးတဲ့ သမိုင်းဗဟုသုတတွေနဲ့ နား လည်အောင် ယှဉ်ထိုးပြနေရတယ်လို့ ဆို ပါတယ်။
”ဥပမာ-မြန်မာမင်းတွေမှာ နောက် ဆုံးမင်းက သီပေါမင်းဆိုရင် ရခိုင်မင်းတွေ မှာ နောက်ဆုံးမင်းက မဟာသမ္မတရာဇာ မင်းဖြစ်တယ်ဆိုတာမျိုးကို ပြောပြနေရ တယ်။ ဒါမှသာ အမြင်စုံသွားတာပေါ့”လို့ သူက ပြောပါတယ်။
နောက်ပြီး လက်ရှိအချိန်အထိ သုံး နေရတဲ့ ပြဋ္ဌာန်းစာအုပ်မှာ မြန်မာလူမျိုး အကြောင်းတွေပဲ ဖော်ပြထားပြီး ရခိုင် လူမျိုးအကြောင်းက သိပ်မတွေ့ရတဲ့ အတွက် ကလေးတွေက သိချင်လို့ မေး မြန်းတဲ့အခါ ဆရာတွေက ရခိုင်လူမျိုးတွေ ရဲ့ သမိုင်းကြောင်းကို ပိုလေ့လာမိတယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ အဲဒီလို ယှဉ်ထိုးဥပမာ ပေး သင်တဲ့အခါ ဖိအားတစ်စုံတစ်ရာ ကျ ရောက်နိုင်တာကြောင့် အထက်အရာရှိ တွေနဲ့ လုပ်ဖော်ကိုင်ဖက်ဆရာတွေက မသင်ဖို့ သတိပေးတာလည်း ကြုံရတယ် လို့ သူက ပြောပါတယ်။
စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက် ရေးစင်တာ (Center of Economic and Social Development – CESD) နဲ့ အာရှဖောင်ဒေးရှင်းက ၂ဝ၁၃ ဒီဇင်ဘာ မှာ ထုတ်ပြန်တဲ့’မြန်မာနိုင်ငံပညာရေး တွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ပဏာမ အကဲဖြတ်ချက်’ စာတမ်းအရ မြန်မာ နိုင်ငံမှာ အစိုးရစနစ် အပြင်အမျိုးမျိုးသော ရပ်ကွက် လူမှုအသိုင်းအဝိုင်းအခြေပြု စာသင်ကျောင်း၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေလည်း ရှိကြတယ်လို့ ဖော်ပြထားပါတယ်။
ဥပမာ-မွန်ပြည်သစ်ပါတီထိန်းချုပ်မှုအောက်မှာရှိတဲ့ မွန်ပြည်နယ်က မွန် အမျိုးသားစာသင်ကျောင်းဖြစ်ပါတယ်။ မွန်အမျိုးသားစာသင်ကျောင်းဆိုတာ မွန်ဘာသာစကားနဲ့ သင်ကြားရုံသာမက ဒေသဆိုင်ရာအကြောင်းအရာတွေကို သင်ကြားခွင့် ပြုထားပါတယ်။
မွန်အမျိုးသားပညာရေးစနစ်နဲ့ အောင်မြင်လာတဲ့ ကျောင်းသားတွေကို တော့ အစိုးရတက္ကသိုလ်ဝင်တန်းစာမေးပွဲ မှာ ဝင်ရောက်ဖြေဆိုခွင့် ပြုထားပါတယ်။ ဒီစနစ်ဟာ လူမျိုးစုအသီးသီးရဲ့ လိုအင် ဆန္ဒကိုလည်း ပြည့်စုံစေပြီး အားလုံး စုပေါင်းတည်ဆောက်တဲ့ နိုင်ငံတော်ကို လည်း ဖြစ်တည်စေနိုင်တယ်လို့ စာတမ်း မှာ ဖော်ပြထားပါတယ်။

