ပုလဲ – ၂၀၂၂ ဖေဖော်ဝါရီ ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၁:၀၀ နာရီလောက်ကစလို့ မီးရှို့ခဲ့တာကြောင့် နေ့ခင်းအထိ ဆက်လောင်နေပြီး နေအိမ် ၃၅၀ ဝန်းကျင် မီးထဲပါသွားပြီလို့ ဒေသခံတစ်ဦးကဆိုပါတယ်။
” ည ၁၂ခွဲကနေ ရွာထဲဝင်လာတယ်။ အိမ်တွေမီးရှို့တယ်။ အစက ရွာဘုန်းကြီးကျောင်းမှာရှောင်နေကြတာ နေ့ခင်း ၁၁:၀၀ နာရီလောက်ကို စစ်သားတွေ ရွာထဲပတ်နေလို့ တောထဲ ပြေးကြရတယ်”လို့ ပြေးနေရသူ ရွာသားတစ်ဦးကဆိုပါတယ်။
ရွာသားတွေကလည်း မီးငြိမ်းဖို့မသွားရဲတာကြောင့် ဆက်လက်လောင်ကျွမ်းနေတာလို့ ဒေသခံကဆိုပါတယ်။
“မနက်လင်းတော့ ရွာသားတွေက မီးသတ်မလို့ရွာထဲပြန်ဝင်တာ စစ်သားတွေ ဝင်လာလို့ မီးမငြိမ်းဘဲပြန်ထွက်ခဲ့ရတယ်”လို့ ရွာသားတစ်ဦးကဆိုပါတယ်။
ပန်းရွာက နေအိမ် ၈၀၀ ဝန်းကျင်ရှိပြီး ရွာရဲ့တစ်ဝက်နီးပါး မီးလောင်ကျွမ်းနေကာ ဆက်လက်လောင်ကျွမ်းနေပါက တစ်ရွာလုံးပြာကျနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပန်းရွာက စစ်ကောင်စီတပ်သား နှစ်ဦးရဲ့နေအိမ်တွေ မီးမလောင်ဘဲ CDM ဝင်ထားတဲ့ဆေးမှူးရဲ့နေအိမ်က မီးလောင်တဲ့အထဲကိုပါသွားတယ်လို့ ဒေသခံဆီကသိရပါတယ်။
ပုံစာ – မီးလောင်နေတဲ့ ပန်းရွာ
ဓာတ်ပုံ – ဒေသခံ
#Dailynews

