မိုးကုတ် – ၂၀၂၄ ဇွန် ၃၀ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းမှာ ဒီနေ့မနက်ပိုင်းကစလို့ မန္တလေးကိုစစ်ရှောင်သွားမယ့်ကားအစီးရေ ရာချီပိတ်မိနေပြီး ပစ်ခတ်ခံရမှုကြောင့် ပြည်သူထိခိုက်ထားတာရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။
ကားပိတ်မိနေတာရယ်၊ တိုက်ပွဲတွေပြင်းထန်နေတာတွေရယ်ကြောင့် တချို့လည်း ဆက်မသွားတော့ဘဲ ပြန့်လှည့်လာကြရတယ်လို့ တွေ့ကြုံခဲ့ရသူတွေကပြောပါတယ်။
” မနက် ၄း၀၀ နာရီစထွက်တာပဲ၊ အနောက်ပိုင်းရောက်တော့လမ်းပိတ်ထားတယ်ဆိုပြီးကားတွေပိတ်နေလို့ ပြန်လှည့်လာရတယ်၊ ပန်းမဘက်ကိုလက်နက်ကြီးကျလို့ ကားပေါ်ပါမိသားစုသုံးယောက်ထိခိုက်ထားတယ်”လို့သူကပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းကနေ မန္တလေးကို ဒီနေ့ နံနက် ၃း၃၀ လောက်က ဆင်းသွားတဲ့ ကားအနည်းငယ်သာ ဆက်သွားလို့ရပြီး ပိတ်မိနေတဲ့ပြည်သူရာချီပြန်လှည့်လာခဲ့ရတယ်လို့ သူကပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်ရပ်ကွက်မှာလည်း မနေ့က လက်နက်ကြီးထိမှန်လို့ နေအိမ်နှစ်လုံးပျက်စီးပြီး ပြည်သူတစ်ဦးသေဆုံးခဲ့တယ်လို့ အနောက်ပိုင်းနေထိုင်သူတွေကပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းမှာ အင်တာနက်လိုင်းတွေလည်းပြတ်တောက်နေတာကြောင့်ဆက်သွယ်ရေးပြတ်တောက်နေပြီး မနေ့ညပိုင်းထိ တိုက်ပွဲတွေဖြစ်တုန်းလို့ ဒေသခံတွေကပြောပါတယ်။
မိုးကုတ်မြို့တိုက်ပွဲအတွင်းမှာ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ အရပ်ဝတ်နဲ့ ထွက်ပြေးနေတာကြောင့် ပြည်သူတွေအနေနဲ့အပြင်မထွက်ကြဖို့ တိုက်ပွဲမှာပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မိုးကုတ်ဗျူဟာကသတိပေးစာထုတ်ပြန်ထားပါတယ်။
တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ သီပေါ၊ ကျောက်မဲနဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွေမှာ ပြန်လည်စတင်လာတာဟာ ဒီနေ့နဲ့ဆိုရင် ခြောက်ရက်မြောက်နေ့ဖြစ်ပါတယ်။

