ပခုက္ကူ – ၂၀၂၂ ဇူလိုင် ၈ (မော်ကွန်း)
မကွေးတိုင်း ပခုက္ကူမြို့နယ်က ရှားဒူးကျေးရွာနဲ့ စိုင်ဖြူကျေးရွာကိုအာဏာသိမ်းစစ်တပ်က ဒီကနေ့ တစ်ရက်ထဲ မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅၅လုံး ပျက်စီးဆုံးရှူံးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က အင်အား ၃၀ ဝန်းကျင်နဲ့ မနေ့ကညနေပိုင်းမှာဆိုက်ခမ်းကနေ စိုင်ဖြူရွာကိုကူးပြီး ရှားဒူးရွာကို ဆက်ပြီးစစ်ကြောင်းထိုးခဲ့တာလို့ အဲဒီဒေသခံကပြောပါတယ်။
ဒီကနေ့ မနက် ၈း၀၀ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က အိမ်ခြေ၂၀၀ ကျော်ရှိတဲ့ ရှားဒူးရွာကို မီးရှို့တာကြောင့် နေအိမ် ၁၅၀လုံး မီးထဲပါသွားတယ်လို့ ဒေသခံကပြောပါတယ်။
စစ်တပ်က ရှားဒူးရွာကို မီးရှို့ပြီးနောက် နေ့ခင်း ၁၁း၀၀ နာရီဝန်းကျင်မှာ စိုင်ဖြူရွာကို ဝင်ရောက်ပြီးထပ်မံမီးရှို့တာကြောင့်နေအိမ် ငါးလုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ပြောပါတယ်။
“အခုထိရွာသားတွေက ထွက်ပြေးနေကြတုန်းဆိုတော့ အဆက်သွယ်လည်းမရသေးဘူး၊ ကြောက်တော့မပြန်ရဲကြသူတွေလဲမပြန်ကြဘူး၊ တချို့တလေတော့မီးလောင်တဲ့အခြေနေသွားကြည့်ကြတာရှိတယ် “လို့ ရှားဒူးရွာအနီးကရွာသားတစ်ဦးကပြောပါတယ်။
ရှားဒူးရွာနဲ့ စိုင်ဖြူရွာက ဒေသခံရွာသားထောင်နဲ့ချီထွက်ပြေးနေရပြီး လက်ရှိအချိန်ထိ ရွာထဲမပြန်လာကြသေးဘူးလို့ သူကပြောပါတယ်။
ရှားဒူးရွာကို အာဏာသိမ်းစစ်တပ်က ယခုအကြိမ်နဲ့ဆို လေးကြိမ်မြောက်စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဇွန်လပိုင်းမှာ တောင်ပလူရွာ၊အရှေ့ကမ်းဖြူနဲ့ ဒဲ့ပြားရွာတွေကိုမီးရှို့ခဲ့ပါတယ်။
ဒီကနေ့မီးရှိူ့ခံရတဲ့ ရှားဒူးရွာနဲ့ စိုင်ဖြူရွာတွေက အရင်လစစ်ကြောင်းထိုးမီးရှို့တုန်းက ကျန်ခဲ့တဲ့ ရွာတွေဖြစ်တယ်လို့ အနီးအနားဒေသခံရွာသားတစ်ဦးကပြောပါတယ်။
ပုံစာ – ဒီကနေ့မီးရှို့ခံရတဲ့ ရွာတွေရဲ့မြင်ကွင်း
ဓါတ်ပုံ – ဒေသခံပေးပို့
#Dailynews

