နေပြည်တော် – ၂၀၂၄ စက်တင်ဘာ ၁၁ (မော်ကွန်း)
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကောင်စီနယ်မြေထဲက မြို့နယ်တွေမှာ ဒီနေ့မနက်က ရေကြီးရေလျှံတာကြောင့် ရပ်ကွက်၊ ကျေးရွာအများအပြား ရေနစ်မြုပ်နေကာ ဒေသခံတွေပိတ်မိနေလို့ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင်နေရတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတချို့က ပြောပါတယ်။
နေပြည်တော်က ပျဉ်းမနား၊ တပ်ကုန်းမြို့တွေနဲ့ မန္တလေးတိုင်းက ရမည်းသင်းနဲ့ လယ်ဝေး စတဲ့မြို့နယ်တွေမှာ ဒီနေ့မနက်ပိုင်းက တောင်ကျချောင်းရေတွေ ဝင်ရောက်လာတာကြောင့် ရေကြီးနစ်မြုပ်နေတာပါ။
ရန်ကုန်-မန္တလေးလမ်းဟောင်းအပါအဝင် အဲဒီလမ်းဟောင်းတစ်လျှောက်က ရွာတော်တော်များများဟာ ဒီနေ့မနက်ပိုင်းမှာ ရေနစ်မြုပ်နေကာ ပိတ်မိနေတဲ့ ဒေသတွေက လူမှုကယ်ဆယ်ရေးအသင်းတွေဆီ ဆက်သွယ်အကူအညီတောင်းခံနေကြတာကို လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း တွေ့မြင်ရပါတယ်။
နေပြည်တော်နဲ့ အနီးဆုံးဖြစ်တဲ့ တပ်ကုန်းမြို့နယ်မှာ ရေလွှမ်းမိုးမှုဟာ အဆိုးဝါးဆုံးဖြစ်နေပြီး ကျေးရွာတချို့မှာဆိုရင် နေအိမ်ခေါင်မိုးတွေထိ ရေနစ်မြုပ်နေကာ ဒေသခံတွေလည်း အများအပြားပိတ်မိနေတာပါ။
ငလိုက်ဆည်ဘက်ကကျလာတဲ့ တောင်ကျချောင်းရေစီးဆင်းတာကြောင့် နေအိမ်တချို့ အလုံးလိုက်မျောပါတဲ့အထိ ရေကြီးနစ်မြုပ်နေတယ်လို့ တပ်ကုန်းဒေသခံတစ်ဦးက ပြောပါတယ်။
“လူမှုကယ်ဆယ်ရေးတွေ ကယ်ဆယ်ရေးရေယာဉ်တွေ၊ လှေတွေနဲ့ သွားနေကြပြီး ကယ်ဆယ်ရေးလုပ်နေပါပြီ” လို့ ၎င်းက ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်-မန္တလေးလမ်းဟောင်းက ရေမြုပ်နေတာကြောင့် ကားသေးတွေ လမ်းဟောင်းကနေ မဖြတ်သန်းဖို့လည်း နေပြည်တော်ဒေသခံတွေက သတိပေးထားပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ ဒီနေ့မနက် ငါးနာရီခွဲခန့်ကစပြီး နေပြည်တော်၊ တပ်ကုန်းမြို့နယ်ထဲက မန်ကျည်းပင်၊ လက်ပံပု၊ ပိန်းတော၊ သရက်ကုန်း၊ ရှောက်ကုန်း၊ ညောင်ကုန်း၊ ညောင်လွန့် ကျေးရွာတွေနဲ့ တပ်ကုန်းမြို့တွင်းက အနော်ရထာ၊ ဘုရင့်နောင်၊ ရွှေမာန်းတော် ရပ်ကွက်တွေ၊ ဆေးရုံနဲ့ ဘိုးဘွားရိပ်သာတွေအတွင်း ရေဝင်ရောက်နေတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူပဲ မန္တလေးတိုင်း၊ ရမည်းသင်း၊ အင်ကြင်းကန်၊ ကင်ပွန်းချုံကျေးရွာတွေမှာ ရေဝင်ရောက်နေတာကြောင့် အိမ်ထောင်စုတွေကို ဒီနေ့လယ်ပိုင်းမှာ ရေဘေးလွတ်ရာကို ကူညီရွှေ့ပြောင်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
တပ်ကုန်းမြို့နယ်ထဲမှာ ရေကြီးနေတာကြောင့် ပိတ်မိနေသူတချို့ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ Live လွှင့်ပြီး အကူအညီတောင်းခံတာတွေကိုလည်း မြင်တွေ့ရပါတယ်။
“ငလိုက်ချောင်းတံတား ရေကြီးတာကိုသွားကြည့်ရင်းနဲ့ ဆိုင်ကယ်တွေလည်းမျောနေပြီ၊ ကျွန်တော့်မိန်းမလည်း သစ်ပင်ပေါ်မှာ အောက်မှာရေတွေ၊ လင်မယားနှစ်ယောက် မသေတာကံကောင်း လာကယ်ကြပါအုံးဗျာ” လို့ ပိတ်မိနေသူတစ်ဦးက လူမှုကွန်ရက်ကနေ ဒီနေ့မနက်မှာ Live လွှင့်ပြီးပြောပါတယ်။
အလားတူ တပ်ကုန်းမြို့နယ်၊ မန်ကျည်းပင်ရွာက အုတ်ဖို ကျောင်းတိုက်မှာ သံဃာတချို့ ပိတ်မိနေတာကိုလည်း ဒီနေ့မနက်ပိုင်းမှာ လူမှုကွန်ရက်ကနေ Live လွှင့်ပြီး အကူအညီတောင်းခံထားပါတယ်။
အလားတူပဲ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာက ဒေသခံတွေ အဆက်အသွယ်မရဘဲ ပိတ်မိနေတယ်ဆိုကာ ဒေသခံအမျိုးသမီးတစ်ဦးက နေပြည်တော်အသိုင်းအဝိုင်း Facebook Group ကနေ ဒီနေ့မနက်မှာ အကူအညီတောင်းခံထားပါသေးတယ်။
လက်ရှိမှာ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ အထက်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ စိုးရိမ်ရေမှတ်အထက်ထိ အဆိုးဝါးဆုံး မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသ သုတေသီတစ်ဦးဖြစ်တဲ့ ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ရက်မှာ သတိပေးထားပါတယ်။
“စစ်တောင်းမြစ်၊ တောင်ငူရဲ့ အထက်ဘက်မှာရော၊ အောက်ဘက်မှာရော စက်တင်ဘာ ၁၃ ရက်နေ့ EXTREME LEVEL အထိရေမြင့်တက်လာနိုင်တယ်ဆိုတဲ့ အခြေအနေက ကြောက်စရာပါဘဲ။ သတိထားကြပါလို့ ပြောရုံမှတပါး တခြားပြောစရာမရှိတော့ပါ” လို့ ဦးဝင်းနိုင်က ဒီနေ့လယ်ပိုင်းမှာ အသိပေးထားတာပါ။
အခုရက်ပိုင်း အဆက်မပြတ်ရွာသွန်းခဲ့တဲ့ မိုးကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းက မြို့တွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။
အလားတူပဲ မန္တလေးတိုင်းက ကျောက်ဆည်မြို့နဲ့ ကရင်ပြည်နယ်က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွေမှာလည်း ရေကြီးရေလျှံမှုတွေကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒီနေ့မနက်ပိုင်းမှာ လုပ်ဆောင်နေရတာပါ။

ပုံစာ – တပ်ကုန်းမြို့နယ်ထဲ ရေဝင်ရောက်နေတဲ့မြင်ကွင်း
ဓာတ်ပုံ – နေပြည်တော်အသိုင်းအဝိုင်း Facebook Group
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

