မန္တလေး-၂၀၂၂ ဒီဇင်ဘာ ၂၈ (မော်ကွန်း)
မန္တလေးမြို့ပေါ်က ပုဂ္ဂလိကဆေးရုံ ငါးခုကို အကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထားပြီးယာယီပိတ်သိမ်းခိုင်းထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၄ နဲ့ ၂၅ ရက်တွေမှာ နန်းတော်နဲ့မြို့တော်ဆေးရုံတွေက CDM ဆရာဝန်တစ်ဦးနဲ့ ဓာတ်ခွဲခန်းကျွမ်းကျင်ဝန်ထမ်းတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီးနောက်ပိုင်း အခုလိုဆေးရုံတွေကိုပိတ်ခိုင်းခဲ့တာလို့သိရပါတယ်။
“CDM တွေကိုအခဲမကျေလို့လုပ်မိလုပ်ရာလုပ်တာပဲ။ အခုလိုပိတ်လိုက်လို့ အဓိကခံစားကြရမှာက ဝန်ထမ်းတွေမဟုတ်ဘူး၊ လူနာတွေဒုက္ခရောက်မှာ။ သူတို့ကတော့ ဒါတွေလည်း ထည့်စဥ်းစားမှာမဟုတ်ပါဘူး”လို့ အမည်မဖော်လိုတဲ့ ခွဲစိပ်ပါရဂူဆရာဝန်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ယာယီပိတ်ပင်ဖို့ညွှန်ကြားထားတဲ့ဆေးရုံတွေထဲက မြို့တော်၊ နန်းတော်နဲ့ ကံ့ကော်ဆေးရုံတွေကို CDM ဝန်ထမ်းတွေခန့်ထားလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ခိုင်းတာဖြစ်ပြီး ထက်နေလင်းနဲ့ စိန်ပန်းဆေးရုံကိုတော့ လုပ်ငန်းလိုင်စင်မရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အဲဒီဆေးရုံတွေကလူနာတွေ ဆေးရုံပေါ်ကဆင်းနေရပြီး ထပ်မံပြသရမယ့် လူနာအသစ်တွေကိုလည်း လက်ခံမှုမရှိတော့ဘူးလို့သိရပါတယ်။
Photo: Supplied
#Dailynews

