ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၅ (မော်ကွန်း)
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုဟာ Zero Budget လို့ခေါ်တဲ့ နိုင်ငံအတွက်ဝင်ငွေရရှိမှုနည်းပါးတဲ့ ခရီးသွားတွေပဲ အများဆုံးဝင်ရောက်လာတယ်လို့ နိုင်ငံတကာ ခရီးသွားဧည့်လမ်းညွှန်တွေနဲ့ ခရီးသွားကုမ္ပဏီတွေကပြောပါတယ်။
ယခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ မြန်မာနိုင်ငံကို ပြည်ပခရီးသွား ခုနှစ်သိန်းခွဲကျော် ဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ့ခရီးသွားအများစုဟာ Zero Budget နဲ့ ဝင်ရောက်သူတွေသာများပြားခဲ့ပြီး ငွေကြေးသုံးစွဲနိုင်တဲ့ ကမ္ဘာလှည့်ခရီးသွား နည်းပါးခြင်းကြောင့် ပြည်တွင်းမှာလုပ်ကိုင်နေတဲ့ ဧည့်လမ်းညွှန်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း မရှိသလောက်နည်းပါးတယ်လို့ ဧည့်လမ်းညွှန်မအိမွန်က ပြောပါတယ်။
“ခုနောက်ပိုင်းက Zero Budget ပုံစံပဲ များတယ်။ တရုတ်တို့ အိန္ဒိယတို့က ဝင်တာများတယ်။ သူတို့က တစ်ဦးချင်းသုံးစွဲမှုကလည်း တော်တော်နည်းပြီး တချို့လည်း တရားမဝင်လုပ်ငန်းတွေအတွက်နဲ့ ဝင်လာတာတွေပါရှိလာတယ်” လို့ ၎င်း က ပြောပါတယ်။
Zero Budget ခရီးသွားအစီအစဉ်ကို တရုတ်နိုင်ငံကစတင်ခဲ့တာဖြစ်ပြီး ကုန်ကျစရိတ်နည်းနည်းနဲ့ အုပ်စုလိုက်လည်ပတ်တဲ့ ခရီးစဉ်ပါ။ လေယာဉ်လက်မှတ်ခကလွဲပြီး လည်ပတ်တဲ့နိုင်ငံမှာ ငွေကြေးဘာမှမသုံးဘဲ ခရီးသွားအေဂျင်စီကစီစဉ်ထားတဲ့ ဟိုတယ်၊ စားသောက်ဆိုင်တွေမှာပဲ ဝယ်ယူစားသောက်တဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။
Zero Budget ခရီးသွားတွေဟာ တရုတ်နိုင်ငံက အများဆုံးဝင်ရောက်လာတာဖြစ်ပြီး တစ်ဦးချင်း ငွေကြေးသုံးစွဲမှုလျော့နည်းတာ တရားမဝင်ငွေပေးချေမှုတွေ ပြုလုပ်တာတွေကြောင့် နိုင်ငံအနေနဲ့ ထိုက်သင့်တဲ့အခွန်အခ မရရှိဘူးလို့ ခရီးသွားလုပ်ငန်းအေဂျင်စီလုပ်ကိုင်သူတွေက ပြောပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ မှာ နိုင်ငံခြားခရီးသွား မဝင်သလောက်ဖြစ်ခဲ့ပြီး မနှစ်ကနဲ့ယခုနှစ်တွေမှာတော့ ခရီးသွားဝင်ရောက်မှုအနည်းငယ်များပြားလာတယ်လို့ ရန်ကုန်မြို့အခြေစိုက် ပြည်ပခရီးသွားအေဂျင်စီတစ်ခုက ဒါရိုက်တာတစ်ဦးက ပြောပါတယ်။
“အများဆုံးဝင်လာတာတော့ တရုတ်နိုင်ငံသားတွေပဲ။ ခုနောက်ပိုင်းတော့ ထိုင်းတို့ အိန္ဒိယတို့ အာရှဘက်က ကိုရီးယား၊ ဂျပန်တို့လည်း ဝင်လာတာတွေတော့ရှိပါတယ်။ အာဏာမသိမ်းမီကနဲ့ ယှဉ်လိုက်ရင်တော့ တော်တော်နည်းသေးတယ်၊ နှစ်ကုန်ပိုင်းမှာတော့ ထပ်ဝင်လာနိုင်ချေတော့ရှိပါသေးတယ်။ အများဆုံးက ပိုက်ဆံမသုံးတဲ့ Zero Budget တွေပဲများတော့ အခွန်လည်းမရဘူး။ ပြည်တွင်းက ဒေသခံတွေအတွက်လည်း အကျိုးမရှိဘူး ” လို့ ၎င်းက ပြောပါတယ်။
ယခုနှစ် ရှစ်လတာကာလအတွင်း ခရီးသွားဝင်ရောက်မှုဟာ ၇၅၁,၂၁၆ ဦး ဝင်ရောက်ခဲ့ပြီး နယ်စပ်ဂိတ်ဝင်ပေါက်တွေကနေ ဝင်ရောက်တဲ့ ခရီးသွားဦးရေ ငါးသိန်းခွဲအထိရှိခဲ့ကာ လေကြောင်းလိုင်းတွေကနေ ဝင်ရောက်မှုက နှစ်သိန်းနီးပါးရှိတယ်လို့ စစ်ကောင်စီ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
၂၀၂၁ နဲ့ ၂၀၂၂ ရဲ့ ခရီးသွားဝင်ရောက်မှု အခြေအနေကိုတော့ စစ်ကောင်စီကမထုတ်ပြန်ပါဘူး။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ အတွင်း ပြည်ပခရီးသွားဝင်ရောက်မှုဟာတစ်နှစ်ကို ငါးသန်းနီးပါးရှိခဲ့ပါတယ်။
မြန်မာနိုင်ငံကို ခရီးသွားလာဖို့မသင့်တဲ့ အန္တရာယ်ရှိနိုင်ငံတစ်ခုအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနှစ်ကထုတ်ပြန်ထားပြီး ချင်း၊ ကယား၊ ကရင်၊ ရခိုင် စတဲ့ ပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကို အန္တရာယ်ရှိတဲ့ ခရီးသွားဒေသတွေအဖြစ် သတ်မှတ်ကြေညာထားတာပါ။
ပုံစာ – ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားသည့် အင်းလေးကန်
ဓာတ်ပုံ – Mawkun
#Dailynews

