ရန်ကုန် -၂၀၂၃ ဩဂုတ် ၈ (မော်ကွန်း)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအမှုတွေကို ဒီနေ့ကြားနာဖို့ရှိပေမယ့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရက်ရွှေ့ဆိုင်းလိုက်ပြီး ပြန်လည်ကြားနာမယ့်ရက်ကို ကြိုတင်သတိပေးအမှုခေါ်စာရင်းမှာ ထပ်မံကြေညာမယ်လို့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။
အထူးအယူခံကြားနာမယ့်ရက် ရွှေ့ဆိုင်းတာနဲ့ပတ်သက်ပြီး တရားရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က မော်ကွန်းကို အခုလိုပြောပါတယ်။
“တို့အခေါ်အဝေါ်တော့ ခုံကျိုးတယ်လို့ခေါ်တယ်။ အစည်းအဝေးရှိလို့တဲ့။ ဘာအရေးပေါ်လဲမသိပါဘူး။ တရားလွှတ်တော်တို့ ဘာတို့ဆိုတာ ရုံးချိန်းမပေးဘူးလေ။ သူခေါ်ချင်တဲ့အခါခေါ်တယ်။ တရားသူကြီးချုပ်ကလည်း အပြောင်းအလဲဖြစ်သွားတာကို။ ဦးထွန်းထွန်းဦးက ကျန်းမာရေးအကြောင်းပြပြီးနားသွားပြီး နောက်တစ်ယောက်က ဦးသာဌေးရောက်လာတာ။ သေချာတော့ မသိသေးဘူးပေါ့ကွာ။ သူတို့ဟာကအမျိုးမျိုးပါ။ အပေါ်ကအမိန့်နဲ့ ဒါမလုပ်နဲ့ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့လုပ်နေကြတာ။ ဥပဒေအထောက်အထားက သိပ်ရှိကြတာမဟုတ်ပါဘူး”
အတိုင်ပင်ခံရဲ့ အထူးအယူခံကြားနာရမယ့် အမှုတွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စွပ်စွဲခံထားရတဲ့ အမှုလေးမှုနဲ့ စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်က လာဘ်ပေးခဲ့တယ်လို့စွပ်စွဲခံထားရတဲ့ အမှုနှစ်မှု စုစုပေါင်းခြောက်မှု ကြားနာရမှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ အသက် ၇၈ နှစ်အရွယ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အခုလ ၁ ရက်က အမှု ငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းခွင့်ပေးခဲ့တာကြောင့် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ချခံထားရပါတယ်။
Photo – Mawkun
#Dailynews

