ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၆ (မော်ကွန်း)
အိန္ဒိယနဲ့ မြန်မာကြား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်မစတင်နိုင်သေးတာကြောင့် အိန္ဒိယနဲ့ မြန်မာ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ အခက်အခဲဖြစ်နေတယ်လို့ ကုန်သည်တွေကပြောပါတယ်။
အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး-တမူး ကားလမ်းဟာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အသွားအလာကန့်သတ်ထားတာ နှစ်လနီးပါးခန့် ရှိပြီလို့ အိန္ဒိယကို ပဲမျိုးစုံတင်ပို့နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“ပို့ကုန်သမားတွေက အတော်အခက်အခဲဖြစ်နေတာ၊ လမ်းကြောင်းကပိတ်ထားတော့ ဝယ်ထားတဲ့ကုန်တွေလည်းအရှုံးခံပြန်ရောင်းနေရတယ်၊ ပြီးတော့ နှစ်လလောက်ရှိပြီ ဒီအတိုင်းငုတ်တုတ်ထိုင်နေရတာ၊ အချို့ ပို့ကုန်သမားတွေဆို ကုမ္ပဏီတွေပါ ပိတ်လိုက်ပြီ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီအစိုးရအနေနဲ့ အိန္ဒိယနဲ့ လေကြောင်းကုန်သွယ်မှုအချို့သာရှိပြီး နယ်စပ်ကုန်သွယ်ရေးဟာ လုံးဝနီးပါး ရပ်တန့်နေတယ်လို့ တမူးနယ်စပ် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အိန္ဒိယကုန်သွယ်ရေးက သူတို့ဘက်ကလည်း ကန့်သတ်မှုတွေ ရှိလာတယ်၊ ပြီးတော့ ကျွန်တော်တို့ဘက်မှာလည်း လမ်းကြောင်းတွေက ပိတ်နေတော့ အကုန်ရပ်နေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ တမူးမြို့ကို မန္တလေး၊ မုံရွာမြို့တို့ကနေ
ပုလဲ – ဂန့်ဂေါ -ကလေးလမ်း၊ မုံရွာ – ယာကြီး – ကလေးဝလမ်း၊ ရေဦး – တန့်ဆည် – ကလေးဝ ( မဟာမြိုင်) လမ်း ဆိုတဲ့ လမ်းကြောင်းသုံးခုရှိတဲ့အနက် ရေဦး – တန့်ဆည် – ကလေးဝ ( မဟာမြိုင်) လမ်းကိုသာ လက်ရှိမှာအသုံးပြုလို့ရနေတာဖြစ်တယ်လို့ နယ်စပ်ကနေ အိန္ဒိယပစ္စည်းတွေ တင်သွင်းရောင်းချတွေဆီက သိရပါတယ်။
အိန္ဒိယအဝတ်အထည်တွေ တင်သွင်းရောင်းချသူတစ်ဦးကတော့ “မဟာမြိုင်လမ်းကတော့ တော်တော်ကြမ်းတယ်၊ ကျန်တဲ့လမ်းတွေထက်စာရင် နည်းနည်းအဆင်ပြေတော့ အခုက အဲ့ဒီလမ်းက သွားကြတာများတယ်။
အဝတ်အထည်တွေလိုမျိုး အသေးသုံးတွေ တင်သွင်းတာတွေ အဲ့ဒီလမ်းကြောင်းက များတယ်၊ အခုမိုးတွင်းမှာတော့ ကုန်ကားအကြီးတွေတော့ သွားလို့မရတော့ဘူး” လို့ ပြောပါတယ်။
ဇွန်လပိုင်းက စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲက ပန်းသာကျေးရွာအနီးနဲ့ ကလေး-တမူးကားလမ်းပေါ်က ခမ်းပတ်မြို့အနီးက စစ်ကောင်စီတပ်စခန်းတွေကို ဒေသကာကွယ်ရေးတပ်တွေ ဝင်တိုက်ခဲ့ပြီးနောက် ကလေးနဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းကို အသွားအလာကန့်သတ်လိုက်တယ်လို့ တမူးဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီလို ကန့်သတ်လိုက်တာကြောင့် တမူးမြို့ကို ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့ပြီး မြို့အတွင်းမှာလည်း ဆန်နဲ့ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။
အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ တမူးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် ကုန်သွယ်မှုရှိပြီး အိန္ဒိယနိုင်ငံကို ကွမ်းသီး၊ ကွမ်းရွက်၊ ပဲအမျိုးမျိုး၊ ကြက်သွန်၊ လယ်ယာထွက်ပစ္စည်းတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ တင်ပို့နေတာဖြစ်ပါတယ်။
ပုံစာ – တမူးနယ်စပ်ကို သွားရောက်တဲ့ ရေဦး – တန့်ဆည် – ကလေးဝ ( မဟာမြိုင်) လမ်းပိုင်း
ဓာတ်ပုံ – Kyaw Thein
#Dailynews

